ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၆ ရက်
ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်များအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းရှားပါးသည့် အပြင် ထောက်ပံ့ကြေးများ မရသည့်အတွက် ယခင်ကထက် စားဝတ်နေရေး အခက်အခဲများကို ရင်ဆိုင်နေရကြောင်း စစ်ဘေးရှောင်စခန်းတာဝန်ခံများထံမှ သိရသည်။
ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်များကို စစ်ကောင်စီလက်အောက်ခံ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဌာနနှင့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ၂၀၂၂ခုနှစ်၊ ဇူလိုင်လအထိ လစဉ်ပုံမှန် ထောက်ပံ့ပေးခြင်းများရှိခဲ့သော်လည်း လက်ရှိတွင် ထောက်ပံ့ကြေးပုံမှန် မရသည့်အပြင် အလုပ်အကိုင်အခွင့်အလမ်းရှားပါးခြင်းနှင့် ကုန်ဈေးနူန်းမြင့်တက်ခြင်းဒဏ်ကိုပါ ခံနေရသည့်အတွက် စားဝတ်နေရေးအခက်အခဲများကို ရင်ဆိုင်နေရသည်ဟု စခန်းတာဝန်ခံများက ပြောသည်။
မြောက်ဦးမြို့နယ် စင်ဘောကိုင်စစ်ဘေးရှောင်စခန်းတာဝန်ခံက “လက်ရှိကတော့ စားဝတ်နေရေးအခြေ အနေက ကျပ်တည်းပါတယ်။ စားနပ်ရိက္ခာ ဈေးတက်တာက တမျိုး၊ အလုပ်အကိုင်ရှာမရတာက တမျိုးပေါ့။ အရင်ကဆိုရင် ပဲနှုတ်တာဖြစ်ဖြစ်၊ တခြားပျိုစိုက်တာ ဖြစ်ဖြစ် လုပ်လို့ရတယ်။ အခုကအဲဒီလိုလည်း မရဘူးလေ။ အလုပ်အကိုင်ကလည်း ရှားတယ်။ ကျနော်တို့အတွက်စားဝတ်နေရေးအခက်အခဲတွေ အများကြီးပါပဲ” ဟု ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယခင်က စစ်ဘေးရှောင်များကို တစ်လလျှင် စစ်ကောင်စီလက်အောက်ခံ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဌာနမှ ဆန် ၆ ပြည်ခွဲနှင့် WFP မှ ငွေတစ်သောင်း ငါးထောင်ကျပ်စီထောက်ပံ့ပေးနေခြင်းဖြစ်ကြောင်း သိရသည်။
သို့သော်လည်း စစ်ကောင်စီလက်အောက်ခံလူကယ်ပြန်ဌာနအနေဖြင့် ပြီးခဲ့သည့် ၂၀၂၂ခုနှစ် ဇူလိုင်လမှ စတင်ကာ ရိက္ခာထောက်ပံ့ပေးခြင်းကို ရပ်တန့်ခဲ့ကြောင်း သိရသည်။
“ ကျနော်တို့ ထောက်ပံ့ကြေးတွေလည်း လက်ရှိမှာတော့ တစ်ခုကမှ မရသေးပါဘူး၊ WFP က ပြန်ပေးတော့မယ်လို့တော့ သိရပါတယ်။ သူတို့ကတော့ ဒီလမှာ ပြန်ပေးတော့မယ်လို့သိရတယ်။ ကျနော်တို့ဆီ အလှည့်မရောက်သေးဘူးလို့တော့ ကြားပါတယ်” ဟု မြောက်ဦးမြို့နယ် စင်ဘောကိုင်စစ်ဘေးရှောင်စခန်းတာဝန်ခံက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ရခိုင်ပြည်နယ် စစ်ကောင်စီအနေဖြင့် စစ်ဘေးရှောင်များကို ဖိအားပေးကာ နေရပ်ပြန်ခိုင်းခြင်းများကို လုပ်ဆောင်နေပြီး နေရပ်မပြန်သည့်အတွက်စစ်ဘေးရှောင်များအား ထောက်ပံ့ကြေး မပေးခြင်းဖြစ်ကြောင်း ကျောက်တော်မြို့ ရထားဘူတာစစ်ဘေးရှောင်စခန်းမှ အမည်မဖော်လိုသည့် စစ်ဘေးရှောင်တစ်ဦးက ဆိုသည်။
“ကျနော်တို့အတွက် အဖက်ဖက်က ခက်ခဲ့နေတယ်။ လက်ရှိမှာက အနွေးထည်ကအစ ကျနော်တို့တွေ လိုအပ်နေတာတွေရှိပါတယ်။ စားဝတ်နေရေးကလည်းအဆင်မပြေပါဘူး။ အစိုးရက နေရပ်ပြန်ဖို့ အတွက် စာရင်းကောက်တာတွေရှိပေမဲ့ စခန်းက စာရင်းပေးတာတွေမရှိပါဘူး။ လက်ရှိမှာ နေရပ်ပြန်ဖို့အတွက် ပြင်ဆင်စရာတွေ အများကြီးလိုပါတယ်။ ကျနော်တို့ နေရပ်မပြန်တဲ့အတွက် သူတို့ထောက်ပံ့ကြေး မတော့တာလို့သိရပါတယ်” ဟု ကျောက်တော်မြို့ ရထားဘူတာစစ်ဘေးရှောင်စခန်းမှ အမည်မဖော်လိုသည့် စစ်ဘေးရှောင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP အနေဖြင့် ရခိုင်ပြည်နယ်အတွက် စားနပ်ရိက္ခာများကို ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလမှ စတင်ကာ ပြန်လည်ထောက်ပံ့ပေးနေကြောင်းလည်း တချို့စစ်ဘေးရှောင်များထံမှသိရသည်။
စစ်ကောင်စီက ICRC ၊ NGO၊ INGO စသည့် အဖွဲ့များ ကို ၂၀၂၂ခုနှစ် စက်တင်ဘာလ အတွင်းမှ စတင်ကာ ရခိုင်က မြို့နယ်အများအပြားကို သွားလာခွင့်ကန့်သတ်ထားသည်။
ရခိုင်ပြည်နယ်တွင် ၂၀၁၈ခုနှစ် မှစတင်ကာ ဖြစ်ပွားခဲ့သည့် ရက္ခိုင်တပ်တော် (AA)နှင့် စစ်ကောင်စီတို့ကြား တိုက်ပွဲဖြစ်ပွားမူကြောင့် စစ်ဘေးရှောင်ဦးရေး နှစ်သိန်းကျော်အထိ ရှိခဲ့ခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ် စစ်ဘေးရှောင်အရေးကူညီပေးနေသူများထံမှ သိရသည်။
ယင်းနောက် ၂၀၂၁ခုနှစ်နောက်ပိုင်းတွင် နေရပ်ပြန်သွားသည့် စစ်ဘေးရှောင်များရှိခဲ့သည့်အတွက် စစ်ဘေးရှောင် ကိုးသောင်းကျော်ရှိခဲ့သော်လည်း ၂၀၂၂ခုနှစ် ဇူလိုင်လမှ စတင်သည့် တကျော့ပြန်တိုက်ပွဲကြောင်း စစ်ဘေးရှောင်ဦးရေး တစ်သိန်းကျော်အထိ ဆက်လက်တိုးလာခဲ့ခြင်းဖြစ်သည်။
#ရခိုင် #စစ်ဘေးရှောင် #အလုပ်အကိုင်ရှားပါးခြင်း #ထောက်ပံ့ကြေးမရ #စားဝတ်နေရေး
#Ayeyarwaddy_Times