ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၆ ရက်
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ချောင်းဆုံကျေးရွာကို ဒီကနေ့ဇန်နဝါရီလ ၆ ရက်နေ့မနက်ပိုင်းမှာ စစ်ကောင်စီတပ်သားတွေက သေနတ်ပစ်ဖောက်ပြီး ဝင်ရောက် မီးရှို့နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
အဲ့ဒီ သေနတ်ပစ်ဖောက်ပြီး ဝင်ရောက်မီးရှို့တဲ့ စစ်ကောင်စီတပ်သားတွေဟာ ဒေသကာကွယ်ရေးတပ်တွေ ထောင်ထားတဲ့မိုင်းကို နင်းမိကာ ထိခိုက်သေဆုံးမှုရှိပြီး သေဆုံးစာရင်းကိုတော့ အတိအကျမသိရသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။
“မီးဝင်ရှို့တဲ့ စစ်ကောင်စီတပ်နဲ့ PDF တွေနဲ့ တိုက်ပွဲဖြစ်ကြသေးတယ်။ PDF တွေထောင်ထားတဲ့ မိုင်းလဲသူတို့နင်းမိတယ်။ အိမ်တွေကို မီးရှို့ဖျက်ဆီးတယ်။ သူတို့က ရောက်တဲ့ ရွာတိုင်းတိုင်းကို မီးရှို့ဖျက်ဆီးနေတဲ့အကြမ်းဖက်စစ်တပ်ပါ။မီးမရှို့ခင် အိမ်မှာရှိတဲ့ ပစ္စည်းတွေယူတယ်ခိုးတယ် ဆန်အိတ်တွေဆို ဖောက်ခွဲပြီး မီးရှို့ဖျက်ဆီးကြတာ ” လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
ချောင်းဆုံရွာဟာ အိမ်ခြေ ၃၀၀ ဝန်းကျင်ရှိပြီး ဒီကနေ့မှာ အိမ်ခြေ ၅၀ ဝန်းကျင်မီးရှို့ခံရကာ ပထမအကြိမ်မှာလည်း အိမ်ခြေ ၇၀ ထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို ဒေသခံတွေကပြောပါတယ်။