ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၆ ရက်
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရှိ ရဲတပ်ရင်း (၂၈) ကို လက်နက်ကြီး ၁၀၀ ခန့်ဖြင့် ယမန်နေ့ ဇန်နဝါရီလ ၅ ရက်နေ့ နံနက်ပိုင်းက သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အမျိုးသား တော်လှန်ရေးပျောက်ကျားတပ် National Revolutionary Guards မှ သတင်းထုတ်ပြန်ထား သည်။
ယမန်နေ့ ဇန်နဝါရီ ၅ ရက် နံနက် ၁ နာရီခွဲခန့်က ယင်းမာပင်မြို့နယ်ရှိ ရဲတပ်ရင်း (၂၈)ကို ဒေသတော်လှန်ရေး တပ်ဖွဲ့များဖြစ်သည့် အမျိုးသားတော်လှန်ရေး ပျောက်ကျားတပ် (NRG-PDF/Salingyi)နှင့်ညီ နောင်မဟာမိတ်တပ်ဖွဲ့များမှ ပူးပေါင်း၍ လက်နက် ကြီးများဖြင့် ရာချီသွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
တိုက်ခိုက်မှုကြောင့် ရဲတပ်ရင်းအတွင်းမှ ရဲတပ်သား များ၏အဆောင်များပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ ကြောင်း သိရှိရသည်။
“အဆောင်တွေပေါ်ကျတာ။ အထဲက အော်ဟစ်ငိုယို ဆဲဆိုသံတွေကြားခဲ့ရတယ်။ သူတို့ဘက်ကလည်းပြန် ပစ်တယ်။ ပစ်ခတ်မှုတွေပြီးတဲ့အချိန် အတော်ကြာပီးတာတောင် အထဲက ငိုယိုနေတဲ့ အသံတွေက မတိတ်ဘူး။ ထိခိုက်သေဆုံးတော့များမှာ အတည်မပြုနိုင်သေးဘူး”ဟု NRG မှ တာဝန်ရှိသူ တစ်ဦးမှ ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယင်းတိုက်ပွဲတွင် Chindwin Revolutionary Fighter၊ National Revolutionary Guards၊ ပြည်သူအားလုံးရဲ့ PK/PDF၊ နယ်စည်းမခြား ဇာမဏီပျောက်ကျားတပ်ဖွဲ့၊ စစ်ကျွန်မခံ မြွေဆိုးတစ်သိုက်၊ တောသားကြီး(ကျားပျံ)၊ AK နှင့် အခြားမဟာမိတ် အဖွဲ့များ ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့ကြခြင်းဖြစ် ကြောင်း အသိပေးထုတ်ပြန်ထားသည်။
အဆိုပါ ရဲတပ်ရင်း (၂၈)ကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်နေ့ကလည်း မဟာမိတ်တပ်ပေါင်းစုများမှ မိုင်းခွဲတိုက်ခိုက်ခဲ့ရာ ရဲတပ်သား ၁၄ ဦးသေဆုံးခဲ့ပြီး ၎င်းတို့ သေဆုံးမှုကြောင့် တပ်ရင်းအနီးရှိ အောင်မိုးကျေးရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ခြင်းကြောင့် အိမ်ခြေ ၂၀၀ ခန့် ပျက်ဆီးဆုံးရှုံးမှုဖြစ်ပွားခဲ့သည်။