ဧရာဝတီတိုင်းမ်
(ကနီ)၊ ဇန်နဝါရီလ ၆ ရက်
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ပန်းဆိုင်းကျေးရွာအနီးတွင် ဇန်နဝါရီလ ၄ ရက် ညနေ ၅ နာရီဝန်းကျင်အချိန်က ကင်းလှည့်လာသည့် စစ်ကောင်စီစက်လှေတစ်စီးအား ကြားဖြတ်တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ကျောက်လုံးကြီးKLGတပ်မဟာ ထံမှသိရသည်။
မုဌောကျေးရွာအနီးတွင်သောင်တင်နေဆဲဖြစ်သည့် စစ်ကောင်စီစစ်သင်္ဘောများမှ ကင်းလှည့်ထွက်ခွာလာသည့် တပ်သား ၇ ဦးပါကင်းထောက်စက်လှေအား ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးခဲ့ပြီး အဆိုပါကင်းထောက်စက်လှေအား ဖျက်ဆီးခဲ့ကြောင်း PDFတာဝန်ရှိသူကပြောသည်။
“ထောက်ပို့တပ်က တပ်သားတွေပါ၊ သိမ်းဆည်းရမိတဲ့စက်လှေပေါ်ကနေ ထောက်ပို့ဘက်တံဆိပ်ပါတဲ့အင်္ကျီလည်းတွေ့ရတယ်။ ပါလာတဲ့ ၇ ယောက်မှာ ၆ ယောက်သေတယ်၊ ၁ ယောက်တော့လွတ်သွားတယ်၊ သူတို့စီးလာတဲ့စက်လှေကိုတော့ ရေထဲမြှုပ်ပစ်လိုက်တယ်” ဟု ကျောက်လုံးကြီး KLG တပ်မဟာတာဝန်ရှိသူမှ ဧရာဝတီတိုင်းမ်ကိုပြောသည်။
တိုက်ခိုက်မှုအတွင်း တစ်နာရီကျော်ကြာ အပြန် အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အဆိုပါစစ်ကောင်စီစက်လှေပေါ်မှ ဦးထုပ် ၃ လုံး၊ စစ်သုံးကျောပိုးအိတ်များနှင့် စာရွက်စာတမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုအား KLG PDF၊ ဆရာစံအဖွဲ့နှင့် DRPAအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြပြီး ဇန်နဝါရီလ ၃ ရက်နေ့ကလည်း စစ်ကောင်စီအမြန်ရေ ယာဉ်တစ်စီးအား တိုက်ခိုက်ခဲ့ရာ ၁၀ ဦးနှင့်အထက်သေဆုံးပြီး အမြန်ရေယာဉ်အား မီးရှို့ဖျက်ဆီးခဲ့ကြောင်း KLG တပ်မဟာထံမှ သိရသည်။
#ကနီ #ကင်းထောက်စက်လှေ #တိုက်ခိုက်ခံရ #KLG #PDF #AyeyarwaddyTimes