ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၅ ရက်

ကရင်ပြည်နယ်ရှိ ကရင့်အမျိုးသားအစည်းအရုံး – KNU တပ်မဟာ ၆ ထိန်းချုပ်နယ်မြေ၊ ကြာအင်းဆိပ်ကြီး အခြေစိုက် စစ်ကောင်စီတပ်ရင်းတွေဖြစ်တဲ့ ခလရ ၃၂၊ ခလရ ၂၈၃ နဲ့ ခလရ ၂၈၄ ခုကို ဇန်နဝါရီ ၄ ရက်နေ့က KNLA နှင့် PDF ပူးပေါင်းတပ်များမှ သွားရောက် တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ခလရ ၂၈၄ ယာယီတပ်ရင်းမှူး ဗိုလ်မှူး မင်းမောင်မာင်ဟိန်း အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး ထက် မနည်း သေဆုံးခဲ့တယ်လို့ကရင်စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

သေဆုံးခဲ့တဲ့သူတွေဟာ ခလရ ၂၈၄ က ယာယီတပ် ရင်းမှူး ဗိုလ်မှူး မင်းမောင်မောင်ဟိန်း၊ ခလရ ၂၈၄ နဲ့ ခလရ ၃၂ က စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်းသေဆုံးပြီး ခလရ ၂၈၄ က ဗိုလ်ကြီးအဆင့် အရာရှိ ၁ ဦးအပါ ၅ ဦးခန့် ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဘက်က သေကြေပျောက်ဆုံးမှုများခဲ့တဲ့ အဆိုပါတိုက်ပွဲနဲ့ပတ်သတ်ပြီး စစ်တပ်ပိုင် မြ၀တီ – MWD ရုပ်သံကနေ သတင်းထုတ်ပြန်ရာမှာ ၎င်းတို့အနေနဲ့ တော်လှန်ရေးအင်အားစုတွေ လာရောက်တိုက်ခိုက်မှာကို ကြိုတင်သတင်းရတဲ့အတွက် တပ်နယ်အတွင်းရှိ အရာရှိစစ်သည်နဲ့ ရဲမေ (စစ်သားမိန်းမ) များက ကြိုတင်ပြင်ကာ ကြံ့ကြံ့ခံခုခံတိုက်ခိုက်ခဲ့ခြင်းကြောင့် KNLA နှင့် PDF ပူးပေါင်းတပ်များ အကျအဆုံးများစွာဖြင့် ဆုတ်ခွာသွားကြောင်း ဖော်ပြပါတယ်။

”အကြမ်းဖက်ပူးပေါင်းအဖွဲ့များအနေဖြင့် တပ်ရင်းဌာနချုပ်များသို့ အလစ်အငိုက်တိုက်ခိုက်ခဲ့သော်လည်း အရာရှိစစ်သည်ရဲမေ မှီခိုသူများရဲ့ကြံ့ကြံ့ခံပစ်ခတ်တိုက်ခိုက်မှုများကြောင့် အရေးကြီးအဓိက အဆောက်အဦးများ၊ အုပ်ချုပ်မှုဆိုင်ရာအဆောက်အဦးများနဲ့ လူနေအဆောက်အဦးများအနီးသို့ ဝင်ရောက်နိုင်ခဲ့ခြင်းမရှိဘဲ တပ်ခြံစည်းရိုးကပ်လျှက် လူနေထိုင်ခြင်းမရှိတဲ့ စွန့်လွှတ်အဆောက်အဦးအချို့ကိုသာ ဖရိုဖရဲပြန်လည်ဆုတ်ခွာ၍ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရပါတယ်”လို့ စစ်ကောင်စီက မြ၀တီရုပ်သံကတဆင့် ထုတ်ပြန်ပါတယ်။

ဖြစ်စဉ်မှာ KNLA နှင့် PDF တချို့အလောင်းတွေနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတယ်လို့ မြ၀တီသတင်းမှာ ပြောဆိုပေမယ့် သိမ်းဆည်းရမိတဲ့လက်နက်တွေကို သတင်းမှာပြသသွားခြင်း မရှိပါဘူး။ ဒါ့အပြင် စစ်ကောင်စီတပ်ဘက်က သေကြေ၊ ထိခိုက်ဒဏ်ရာရမှုစာရင်းကိုလည်း မြ၀တီသတင်းမှာ ဖော်ပြခြင်း မရှိခဲ့သလို မြေပြင်တပ်တွေ အတိုက်ခံရနေလို့ လေကြောင်းကနေ အကြိမ်ကြိမ်ဗုံးကြဲပြီး လေကြောင်းပစ်ကူ ပေးခဲ့ရတာကိုလည်း ထည့်သွင်းကြေညာသွားခြင်း မရှိပါဘူး။

ယာယီတပ်ရင်းမှူးအပါအဝင် လူပေါင်း ၂၀ ခန့် သေကြေပျောက်ဆုံးဒဏ်ရာရခဲ့တဲ့တိုက်ပွဲကို စစ်တပ်က အရှက်မရှိ လိမ်ညာဝါဒဖြန့် လိမ်ညာနေခြင်းဖြစ်ကြောင်းနဲ့ ဦးဏှောက်မရှိ စဉ်းစားဆင်ခြင်ဉာဏ်မရှိသူများသာ စစ်တပ်ပိုင် မြ၀တီသတင်းကို ယုံကြမှာဖြစ်ကြောင်း KNLA နှင့် PDF တော်လှန်ရေးအင်အားစုများနဲ့ နီးစပ်သူက ပြောပါတယ်။

“မနေ့က ကြာအင်းဆိပ်ကြီးတိုက်ပွဲဖြစ်စဉ်မှာ ယာယီတပ်ရင်းမှူးအပါအဝင် ၁၀ ယောက်ထက်မနည်း သေတယ်။ ဗိုလ်ကြီးအဆင့်အပါအဝင် ၅ ယောက်က ပျောက်နေတယ်။ ၂၈၄ တပ်ရင်းရုံးနဲ့ မော်တော်ယာဉ်ဌာနရုံးပါ မီးနဲ့ အရှို့ခံရတယ်။ အဲဒါကို လူမနေတဲ့ စွန့်လွှတ်အဆောက်အဦးပဲ မီးရှို့ခံရတယ်လို့ ခပ်တည်တည်လိမ်တယ်။ မြို့ပေါ်က ကိုယ့်တပ်အထိုင်ရှိတဲ့နေရာအထိ လာတိုက်ခံရတဲ့အပြင် ကိုယ့်ဘက်က တပ်ရင်းမှူး အဆင့်ပါ ကျသွားတာကိုတောင် အရှက်မရှိ ကြံ့ကြံ့ခံ ခုခံနိုင်ခဲ့တယ်လို့ လိမ်တယ်။ ဒီလိုအလိမ်အညာသတင်းတွေက မြ၀တီလောက်ပဲကြည့်တဲ့ အသိဉာဏ်မရှိတဲ့ငပိန်းတွေပဲ သူတို့လိမ်လို့ရမှာပေါ့။ အွန်လိုင်းကနေ သတင်းတွေ ပုံမှန်ဖတ်နေတဲ့ပြည်သူတွေကိုတော့ သူတို့လိမ်လို့ရမှာမဟုတ်ပါဘူး”လို့ တော်လှန်ရေးအင်အားစုများနဲ့ နီးစပ်သူက ပြောပါတယ်။

စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာလည်း ဇန်နဝါရီ ၄ ရက်နေ့က ဖြစ်ပွားတဲ့ ကြာအင်းဆိပ်ကြီး တိုက်ပွဲမှာ ခလရ ၂၈၄ တပ် ရင်းမှူးဟာ ဖမ်းဆီးခံရတဲ့တပ်မိသားစုဝင်တွေကို လိုက်လံကယ်တင်ရင်း ဒဏ်ရာ ရရှိပြီးဆေးရုံမှာ ကျဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

သေဆုံးခဲ့တဲ့ စစ်ကောင်စီတပ်ရင်းမှူး ဗိုလ်မှူး မင်းမောင်မောင်ဟိန်းဟာ စစ်တက္ကသိုလ်(DSA) ၄၆ ဆင်း အရာရှိ တစ်ဦးဖြစ်ပြီး စစ်ကောင်စီတိုက်ခိုက်ရေးခြေလျင်၊ခြေ မြန်တပ်ရင်းတွေမှာ DSA ၄၆ ဆင်း အရာရှိတွေဟာ တပ် ရင်းမှူးအဆင့်တွေဖြစ်တယ်လို့သိရပါတယ်။

ဒါ့အပြင် ခလရ ၂၈၄ က စစ်တက္ကသိုလ်(DSA) ၅၃ ဆင်း ဗိုလ်ကြီး ဖြိုးမင်းသူအပါအဝင် ၅ ဦးခန့်ဟာ ယမန်နေ့ တိုက်ပွဲတွေအတွင်း ပျာက်ဆုံးနေကြောင်းသိရပြီး အဲ့ဒီပျောက်ဆုံးတဲ့သူတွေဟာ အရှင်ဖမ်းဆီးခံလိုက်ရတာလို့ ဧရာဝတီတိုင်းမ်ရဲ့နယ်မြေတပ်သတင်းရင်းမြစ်တွေကပြောဆိုပေမယ့် သူတို့ပျောက်ဆုံးနေမှုနဲ့ပတ်သက်လို့ သီးခြားအတည်ပြုနိုင်တာမျိုး မရှိသေးပါဘူး။

တိုက်ပွဲအခြေအနေတွေနဲ့ပတ်သက်လို့ တော်လှန်ရေးအင်အားစုတွေဘက်ကလည်း ရဲဘော်တချို့တွေ ကျဆုံးခဲ့တယ်လို့ သိရပြီး တိုက်ပွဲအခြေအနေနဲ့ နှစ်ဘက်ထိခိုက်ကျဆုံးမှုအခြေအနေတွေကို တော်လှန်ရေး အင်အားစုများဘက်က ထုတ်ပြန်တာမရှိသေးပါဘူး။

ဓာတ်ပုံ – စစ်ကောင်စီဘက်မှ မြဝတီရုပ်မြင်သံကြားမှတဆင့် ဝါဒဖြန့် သတင်းထုတ်ပြန်ထားပုံ။
#မြ၀တီ #စစ်တပ် #လိမ်ညာ #ကရင်ပြည်နယ် #ကြာအင်းဆိပ်ကြီး #တိုက်ပွဲ #စစ်ကောင်စီ #Ayeyarwaddy_Times