ဧရာဝတီတိုင်းမ်
(မြိုင်)၊ ဇန်နဝါရီလ ၄ ရက်

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် မြို့ခံအမျိုးသမီး ၂ ဦးမှ စစ်ကောင်စီလက်အောက် မြိုင်မြို့မရဲစခန်းရှိ ရဲတပ်သား ၂ ဦးထံမှ သေနတ်နှင့်ဆက်စပ်ပစ္စည်းများ ယူဆောင်ထွက်ပြေးလာကြောင်း မြိုင်ပကဖထံမှသိရသည်။

ယမန်နေ့ ဇန်နဝါရီလ ၃ ရက် ညနေ ၃ နာရီခန့်တွင် မြိုင်မြို့မရဲစခန်းမှ ရဲတပ်သား ရဲမြတ်စိုးနှင့်မျိုးမင်းသိန်းတို့ အရက်သောက်နေစဉ် ၎င်းတို့နှင့်အတူ အရက်သောက်ရန်ခေါ်ဆောင်ထားသည့် အမျိုး သမီး ၂ ဦးမှ အရက်ထဲတွင်‌ဆေးခတ်၍ အဆိုပါရဲတပ်သားများထံမှ သေနတ် ၁ လက်နှင့်ဆက်စပ်ပစ္စည်းများကိုယူဆောင်ခဲ့ကာ မြိုင်ပကဖထံအပ်နှံခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

“သူတို့က ပြည်သူမိန်းခလေးတွေကို သက်သက်အရက်သောက်ဖို့ခေါ်တာ၊ သူတို့အနိုင်ကျင့်တာကိုမခံနိုင်တော့လို့ အရက်ထဲဆေးခပ်လိုက်တာ၊ ပျို့အန်မူးလဲစေတဲ့ဆေးမျိုး၊ သေနတ်ကတစ်လက်ပဲယူခဲ့ရတယ်၊ နောက်တစ်လက်က အဲ့ဒီရဲ ရဲ့ရင်ခွင်ထဲကဆွဲမထုတ်ရဲဝော့ာ မယူခဲ့ရဘူး၊ အခုတော့အဲ့ဒီကောင်တွေ အချုပ်ထဲရောက်နေပြီ” ဟု မြိုင်(ပကဖ)မှ ဗိုလ်လက် ယာက ဧရာဝတီတိုင်းမ်ကိုပြောသည်။

အဆိုပါရဲတပ်သား ၂ ဦးနှင့်အတူ အဆိပ်ပါသည့် အရက်သေစာသောက်စားခဲ့သည့် အမျိုးသမီး ၂ ဦးမှာ အဆိပ်သင့်ခဲ့သည့်အတွက် ယခုအခါ‌ ဆေး ကုသမှုခံယူထားပြီးကျန်းမားရေးကောင်းမွန်လျက်ရှိသည်ဟု ၄င်းကဆက်လက်ပြောသည်။

ရဲတပ်သား ၂ ဦးထံမှ သေနတ် ၂ လက်နှင့်လက်နက်ခဲယမ်းအများအပြားရနိုင်သော်လည်း အတွေ့အကြုံမရှိသည့်အပြင် လုံခြုံရေးအခြေအနေကြောင့် G-3 သေနတ်တစ်လက်၊ ကျည်ဘောက်နှင့်ကျည် ၁၇ တောင့်၊ ဖုန်း ၂ လုံး၊ ဓား ၁ ချောင်းတို့ ယူဆောင်နိုင်ခဲ့ကြောင်း မြိုင်(ပကဖ)ထံမှ သိရသည်။

#မြိုင် #ရဲစခန်း #ရဲတပ်သား၂ ဦး #လက်နက်ခဲယမ်း #သိမ်းဆည်းရရှိ #AyeyarwaddyTimes