ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၄ ရက်

ဧရာ၀တီတိုင်း၊ ပုသိမ်အကျဥ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဥ်းသားများအနက် ပုသိမ်တက္ကသိုလ် ဥပဒေ စတုတ္ထနှစ်ကျောင်းသား ကိုအောင်သက်ပိုင်နဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုနိုင်ကြီး(ခ)ဌေးနိုင်တို့၂ဦးဟာ ဇန်နဝါရီလ ၂ရက်နေ့နေ့လည်ကလွှတ်ရက်စေ့လို့ပြန်လည်လွတ်မြောက်လာတယ်လို့ အကျဥ်းဦးစီးနဲ့နီးစပ်သူတွေကသိရပါတယ်။

“ကိုအောင်သက်ပိုင်က ၅၀၅(က)နဲ့ ၂နှစ်ကျတာ။ သူ့ကိုစဖမ်းတုန်းက ၂၀၂၁ ဖေဖော်ဝါရီကဆိုတော့ ထောင်လျော့ရက်နဲ့ ချုပ်ရက်နဲ့ လွှတ်တာ။ ကိုနိုင်ကြီးက ဘေးစီမံ၂၅ နဲ့ ၂ နှစ် ပုဒ်မ ၁၈၈ က တစ်လ ကျတယ်။ သူလဲ ထောင်ကျတာ ရက်စေ့လို့ လွှတ်ပေးလိုက်တာ”လို့ ပုသိမ်အကျဥ်းဦးစီးဌာနနဲ့နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ပုသိမ်တက္ကသိုလ်ကျောင်းသား ကိုအောင်သက်ပိုင်ဟာ ပုသိမ်မြို့က စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများမှာ တက်ကြွစွာပါဝင်ခဲ့သူတစ်ဦးဖြစ်ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ညနေပိုင်းက ပုသိမ် တံတားဟောင်းရစစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီလက်အောက်ခံ အရပ်ဝတ် လက်နက်ကိုင် များ၏ ဖမ်းဆီးခြင်းကိုခံရပြီး၅၀၅(က)နဲ့ ထောင်ဒဏ်၂ နှစ်ချမှတ်ခံခဲ့ရသူ ဖြစ်ပါတယ်။

ကိုဌေးနိုင် (ခ) ကိုနိူင်ကြီးမှာ ပုသိမ်မြို့မှာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစပြီးတွင်၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလ ၁၆ ရက်နေ့နေ့လည်ပိုင်းမှာစစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြပွဲတွင် လိုက်ပါဆန္ဒဖော်ထုတ်ပြီးနောက် အိမ်ပြန်ချိန်တွင် အမှတ် (၈) နယ်မြေ ကျောက်စရစ်ကုန်းရပ်ကွက်၊ ပန်းဆက်လမ်းပေါ်မှာစီးလာတဲ့ဆိုင်ကယ်ကိုနောက်ကနေကားနဲ့တိုက်ကာကားပေါ်မှ အရပ်ဝတ်နဲ့ ၇ ဦးက ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာဖြစ်ပြီး ဘေးစီမံ (၂၅)နဲ့ ထောင်ဒဏ်၂နှစ် ပုဒ်မ – ၁၈၈နဲ့ ထောင်ဒဏ် ၁ လ ကျခံနေရသူဖြစ်ပါတယ်။

ပုသိမ်အကျဥ်းထောင်မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်းဖမ်းဆီးခံထားရတဲ့ ပုသိမ်ခရိုင်အတွင်းမှ နိုင်ငံရေးအကျဥ်းသား အမျိုးသား ၄၀၀ ကျော်နဲ့ အမျိုးသမီး ၇၀ ကျော်ခန့် ရှိနေပြီး ထောင်တွင်းတရားရုံးမှ ထောင်ဒဏ်ချမှတ်ခြင်းကိုခံရတဲ့နိုင်ငံရေးအကျဥ်းသား ၂၀၀ ကျော်အထိရှိပြီလို့ အကျဥ်းဦးစီးဌာနနဲ့နီးစပ်သူများထံကသိရပါတယ်။
#Ayeyarwaddy_Times