ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၄ ရက်
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်သို့သွားရောက်သည့် ပလက်ဝ -ကျောက်တော် ရေလမ်းကြောင်းကို စစ်ကောင်စီက ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၉)ရက်နေ့မှစတင်ပြီး ပြန်ဖွင့်ပေးခဲ့သော်လည်း ဆေးဝါးနှင့် ရိက္ခာသယ်ယူခွင့်ကို ကန့်သတ်ထားသောကြောင့် ဒေသခံများ အခက်အခဲကြုံတွေ့နေကြောင်း သိရသည်။
ရက္ခိုင့်တပ်တော် – AA နှင့် စစ်ကောင်စီတပ်တို့ တကျော့ပြန် တိုက်ပွဲဖြစ်ပွားခဲ့သည့် ၂၀၂၂ ခုနှစ် ၊ ဇူလိုင်လမှ စတင်ကာ စစ်ကောင်စီတပ်က ရခိုင်ပြည်နယ်မှ ချင်းပြည်နယ်၊ ပလက်ဝမြို့သို့သွားရောက်သည့် ဒုတိယလမ်းနှင့် ရေလမ်းကြောင်းများကို ပိတ်ထားခဲ့သည်။
AA နှင့် စစ်ကောင်စီတပ်တို့ ယာယီအပစ်အခတ်ရပ်စဲပြီးနောက် ၂ဝ၂၂ ခုနှစ်၊ ဒီဇင်ဘာလတွင် စစ်ကောင်စီတပ်က လမ်းပြန်ဖွင့်ပေးခဲ့သော်လည်း ဆေးဝါးနှင့်ရိက္ခာသယ်ယူခွင့်ကို ကန့်သတ်ထားဆဲဖြစ်ကြောင်း ပလက်ဝမြို့ခံများကပြောသည်။
ပလက်ဝ- ကျောက်တော် ရေလမ်းကို ဖွင့်ပေးထားပါတယ်။ ဒါပေမယ့် ဆေးဝါးတွေကို သယ်ခွင့်မရှိဘူး။ ရိက္ခာတွေကိုလည်း ကန့်သတ်ချက်တွေနဲ့သာ သယ်ယူနေရပါတယ်။ သူတို့ဆီက ခွင့်ပြုချက်နဲ့မှ ကျနော်တို့သွားလာလို့ရတယ်။ ဒါကြောင့် ကုန်လမ်းရော ရေလမ်းပါ စစ်ဆေးမူတွေ နည်းပြီး အဆင်ပြေပြေ သွားလာလို့ရချင်တယ် ဟု ပလက်ဝမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယင်းအပြင် ပလက်ဝ-ကျောက်တော်ရှိ ရေလမ်းကြောင်းကို ခွင့်ပြုပေးထားသော်လည်း စစ်ကောင်စီက စစ်ဆေးရေးဂိတ်များ တိုးမြှင့်ချထားခြင်းနှင့် စစ်တပ်ခွင့်ပြုချက်ဖြင့်သာ ခရီးသွားလာနေရသည့်အတွက် အခက်အခဲများ ရှိနေဆဲဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
လမ်းတွေ အကုန်ဖွင့်ပေးစေချင်ပါတယ်။ အခုက စစ်ကောင်စီက ဂိတ်စခန်းတွေကို တိုးချဲ့ချထားပါတယ်။ ကျနော်တို့ ခရီးသွားလို့ရှိရင်လည်း သူတို့ဆီက ခွင့်ပြုချက်နဲ့သာ သွားခွင့်ပေးထားတယ်။ နောက်ပြီး အစစ်အဆေးကလည် တအားများတယ်။ ဆိုတော့ ကျနော်တို့ လုံခြုံရေးအတွက်လည်း စိုးရိမ်းမူရှိပါတယ်ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် ကျောက်တော်-ပလက်ဝ ရေလမ်းကြောင်းအား ဖွင့်ပေးထားသည့်အတွက် ပလက်ဝမြို့၌ ကုန်ဈေးနူန်း အနည်းငယ် ကျဆင်းနေပြီးဖြစ်ကြောင်း သိရသည်။
AA ကို ရိက္ခာထောက်ပံ့မည်ကို စိုးရိမ်သဖြင့် စစ်ကောင်စီက ရိက္ခာသယ်ယူခွင့်ကို အနည်းငယ်သာ ပေးထားသည့်အတွက် အခက်အခဲရှိကြောင်းလည်း ပလက်ဝမြို့မှ တက်ကြွလူပ်ရှားသူတစ်ဦးကပြောသည်။
စစ်ကောင်စီက ပလက်ဝဒေသကို AA ဆီကို ရိက္ခာထောက်ပံ့မှာ ကြောက်တာကြောင့် အဓိက ပိတ်ထားတာပေါ့။ ကျနော်တို့သိသလောက်က အခုက တိုက်ပွဲတွေလည်း မရှိတော့ဘူးဆိုတော့ ပြန်ဖွင့်ပေးသင့်ပါတယ်။ ဒေသခံတွေအနေနဲ့ လက်ရှိမှာက အကန့်အသတ်တွေနဲ့သာ သွားလာနေရတယ်။ ရိက္ခာဆိုလည်း အကန့်အသတ်နဲ့ လုပ်နေရတော့ အဆင်မပြေတာတွေ များတာပေါ့ဟု ၎င်းက ပြောသည်။
စစ်ကောင်စီတပ်နှင့်ရက္ခိုင့်တပ်တော် AA တို့မှာ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့တွင် လူသားချင်းစာနာထောက်ထား မူဖြင့် အပစ်အခတ်ရပ်စဲထားခြင်းဖြစ်ကာ စစ်ကောင်စီအနေဖြင့်လည်း ၂၀၂၃ခုနှစ် တစ်နှစ်လုံးကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲလိုက်ကြောင်း ၂၀၂၂ခုနှစ် ၊ဒီဇင်ဘာလ (၃၁) ရက်နေ့က ထုတ်ပြန်ထားသည်။