ဆောင်းပါးရှင် ထိန်လင်း
ဇန်နဝါရီ ၄ ရက်

၂ဝ၁ဝ ပြည့်နှစ် ဇန်နဝါရီလ ၄ ရက်နေ့က ၆၂ နှစ်မြောက် လွတ်လပ်ရေးနေ့ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၆၂ နှစ်က ကျရောက်ခဲ့တဲ့ လွတ်လပ်ရေးနေ့မြင်ကွင်းကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ရပြီး မှတ်မိနိုင်သူတွေက ဒီကနေ့မှာ အနည်းဆုံး အသက် ၇ဝ ကျော် ၈ဝ တန်း ရောက်နေသူတွေ ဖြစ်ပါလိမ့်မယ်။ အဲဒီ ပထမဆုံး လွတ်လပ်ရေးနေ့အကြောင်း ကိုယ်တွေ့မှတ်တမ်းတွေ ရေးသားခဲ့သူ အများအပြားလည်း ကွယ်လွန်ခဲ့ပါပြီ။

သို့ပေမယ့် ဦးသန့် ရေးသားတဲ့ ‘ပြည်တော်သာခရီး’ စာအုပ်အပါအဝင် မှတ်တမ်းစာအုပ်များမှာ ဖတ်ရှုနိုင်သေးတဲ့အတွက် ပထမဆုံး လွတ်လပ်ရေးနေ့ မြင်ကွင်းတွေကို မှန်းဆနိုင်မှာဖြစ်ပါတယ်။ တဆက်တည်းမှာပဲ အဲဒီတုန်းက ထုတ်ပြန်ခဲ့တဲ့ လွတ်လပ်ရေးနေ့ ကြေညာစာတမ်း၊ သစ္စာအဓိဋ္ဌာန် ၉ ချက်၊ လွတ်လပ်ရေးနေ့ မိန့်ခွန်းတို့ဟာလည်း လွတ်လပ်ရေးရဲ့ အဓိပ္ပာယ်၊ လွတ်လပ်ရေးရဲ့ အနှစ်သာရ၊ လွတ်လပ်ရေးရဲ့ တန်ဖိုးတွေအပြင် ဘယ်သူတွေနဲ့ ဘယ်လိုသက်ဆိုင်တယ် ဆိုတဲ့အချက်တွေကိုပါ ရှင်းရှင်းလင်းလင်း သိစေမှာဖြစ်ပါတယ်။

၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ဟာ အင်္ဂလိပ် ကိုလိုနီအစိုးရလက်အောက်မှာ အောက်မြန်မာပြည်က ၁၂၃ နှစ်၊ အထက်မြန်မာပြည်က ၆၃ နှစ် ရောက်ရှိခဲ့ပြီးတဲ့အချိန်ပါ။ ဒီလို ဆယ်စုနှစ်၊ ရာစုနှစ် ချီအောင် မလွတ်မလပ်နေခဲ့ရတဲ့ မြန်မာပြည်သားတွေအနေနဲ့ လွတ်လပ်ရေးရပြီ၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရပြီဆိုတဲ့အချိန်မှာ ဘယ်လောက်ပျော်လိုက်ကြမလဲဆိုတာ အလွယ်တကူပဲ မှန်းဆနိုင်ပါတယ်။

အဲဒီနေ့မနက် ၄ နာရီ မိနစ် ၂ဝ မှာ ရန်ကုန်ဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတဲ့ ဘာမင်ဟမ် စစ်သင်္ဘောကြီးက အမြောက်တွေ ပစ်ဖောက် အချက်ပေးသံတွေ ထွက်လာပြီး တိုင်းပြုပြည်ပြုလွှတ်တော်ရှေ့မှာ ဗြိတိသျှ ယူနီယံဂျက်အလံကို ဖြုတ်ချပြီး ပြည်ထောင်စုမြန်မာနိုင်ငံတော် အလံကို လွှင့်တင်ခဲ့ပါတယ်။ မနက် ၄ နာရီ ၄၅ မိနစ် ရောက်တဲ့အခါ လွှတ်တော်အစည်းအဝေးခန်းမမှာ နိုင်ငံတော်အာဏာလွှဲပြောင်းတဲ့ အခမ်းအနား ဆက်ပြီး ပြုလုပ်ပါတယ်။ တိုင်းပြုပြည်ပြုလွှတ်တော်က ယာယီပါလီမန် ဖြစ်လာပြီး ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက် က ယာယီသမ္မတ၊ ဦးနုက ယာယီဝန်ကြီးချုပ် ဖြစ်လာပါတယ်။

အဲဒီနောက် မနက် ၆ နာရီခွဲ ရောက်တဲ့အခါ ဘုရင်ခံရဲ့ အိမ်တော်မှာ အာဏာလွှဲပြောင်းတဲ့အခမ်းအနား ပြုလုပ်ပြီး မနက် ၈ နာရီ မိနစ် ၂ဝ တိတိမှာ အင်္ဂလိပ်ဘုရင်ခံ ဆာဟူးဘတ်ရန့်စ် နဲ့ ဇနီးဖြစ်သူတို့ ဘာမင်ဟန်သင်္ဘောနဲ့ မြန်မာပြည်က ထွက်ခွာသွားပါတယ်။ ဒါဟာ မြန်မာပြည်မှာ ပထမဆုံးနဲ့ နောက်ဆုံး လို့ဆိုနိုင်တဲ့ စစ်မှန်တဲ့ အာဏာလွှဲပြောင်းမှု ဖြစ်ပါတယ်။

အဲဒီနေ့မှာပဲ လွတ်လပ်ရေးမော်ကွန်းကျောက်တိုင် အုတ်မြစ်ချခဲ့ပြီး အဲဒီအခမ်းအနားမှာ ဖဆပလ အထွေထွေအတွင်းရေးမှူး ဦးဗဆွေက သစ္စာအဓိဋ္ဌာန် ၉ ချက်ကို တိုင်ပေးပြီး လူထုကြီးက လိုက်ဆိုခဲ့ပါတယ်။

သစ္စာအဓိဋ္ဌာန် ကိုးချက်

အောင်စေသတည်း။ မြန်မာသက္ကရာဇ် ၁၃ဝ၉ ခုနှစ် ပြာသိုလဆုတ် ၉ ရက် (အင်္ဂလိပ်သက္ကရာဇ် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်) တနင်္ဂနွေနေ့ ကောင်းမြတ်သော မင်္ဂလာအခါ၌ ဤငါတို့ မြန်မာပြည်သည် လုံးဝလွတ်လပ်သော အချုပ်အခြာ အာဏာပိုင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးအဖြစ်သို့ ရောက်သတည်း။

၁၊ ငါတို့သည် ဤနေ့ဤအချိန်မှစ၍ ငါတို့အား လွတ်လပ်သောလမ်းသို့ ပို့ဆောင်ခဲ့သော ငါတို့၏ ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ချမှတ်ခဲ့သည့် လမ်းစဉ်အတိုင်း တသဝေမတိမ်း ချီတက်မည်။

၂၊ ငါတို့သည် ဤနေ့ဤအချိန်မှစ၍ လွတ်လပ်သော နိုင်ငံသားတို့၏ ပြည်ထောင်စုသမတ မြန်မာနိုင်ငံတော်ကြီး၏ သစ္စာကို မသွေမဖည် စောင့်ထိန်းမည်။

၃၊ ငါတို့သည် ဤနေ့ဤအချိန်မှစ၍ လွတ်လပ်သော နိုင်ငံသားတို့၏ မွန်မြတ်သော အခွင့်အရေးကို ခံယူသည့်နည်းတူ လွတ်လပ်သော နိုင်ငံသားတို့၏ တာဝန်ဝတ္တရားများကိုလည်း မတိမ်းမငဲ့ ထမ်းဆောင်မည်။

၄၊ ငါတို့သည် ဤနေ့ဤအချိန်မှစ၍ ငါတို့ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ လုံ့လဥဿာဟဖြင့် ရရှိပြီးသော အမျိုးသားညီညွတ်ရေးကို ကျောက်စိုင်ကျောက်ခဲကဲ့သို့ ခိုင်မြဲအောင် ထိန်းသိမ်းမည်။

၅၊ ငါတို့သည် ဤနေ့ဤအချိန်မှစ၍ ငါတို့နိုင်ငံသားဟူသရွေ့ကို ကြီးငယ်နီးဝေးမခြား တသွေးတသားတည်း ပြု၍၊ နည်းများ နိမ့်မြင့် မရှိစေရ ညီတူညီမျှ ပြုမည်။

၆၊ ငါတို့သည် ဤနေ့ဤအချိန်မှစ၍ သူတပါးကိုလည်း မတရားမပြု ငါတို့အား မတရားပြုမူခြင်းကိုလည်း မခံ၊ အသက်နှင့်လဲ၍ ကာကွယ်မည်။

၇၊ ငါတို့သည် ဤနေ့ဤအချိန်မှစ၍ ငါတို့နိုင်ငံတော်ကြီး၏ တရားဥပဒေများကို ရိုသေစွာ လိုက်နာကျင့်သုံးမည်။

၈၊ ငါတို့သည် ဤနေ့ဤအချိန်မှစ၍ ငါတို့နိုင်ငံနှင့် ငါတို့လွတ်လပ်ရေးကို အသက်နှင့်လဲ၍ ကာကွယ်စောင့်ရှောက်မည်။

၉၊ လုံးဝလွတ်လပ်သော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး ကမ္ဘာအရှည် တည်မြဲရေးတာဝန်သည် ငါတို့နှင့်တကွ ငါတို့သားမြေး နောင်လာအဆက်ဆက်တို့အပေါ်၌ တည်စေမည်။

ဤ ငါတို့ သစ္စာအဓိဋ္ဌာန် မှန်သည့်အတိုင်း ငါတို့ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးသည် ကမ္ဘာအရှည် တည်စေသတည်း။ ။

အပိုဒ် ၆ ပိုဒ်ပါတဲ့ လွတ်လပ်ရေးကြေညာစာတမ်းမှာလည်း ဗိုလ်ချုပ်အောင်ဆန်း အစရှိတဲ့ ကူးတို့မှူး ခေါင်းဆောင်ကြီးတွေရဲ့ ဦးဆောင် ကြိုးပမ်းအားထုတ်မှုကြောင့် လွတ်လပ်ရေးရရှိတဲ့အကြောင်း၊ လူမျိုး ဘာသာ ရေမြေမကွဲဘဲ ပြည်ထောင်စု ဖြစ်တဲ့အကြောင်း၊ အားလုံးလက်တွဲပြီး တိုင်းပြည်ရဲ့ လွတ်လပ်ရေး၊ ကမ္ဘာ့ငြိမ်းချမ်းရေး တို့ကို ကာကွယ်စောင့်ရှောက်မယ့်အကြောင်းတွေ ဖော်ပြထားပါတယ်။

လွတ်လပ်ရေးပိုင်ဆိုင်မှုနဲ့ ပတ်သက်လို့ အပိုဒ် ၅ မှာ အခုလို ဖော်ပြထားပါတယ်။

“ငါတို့နိုင်ငံတော်ကြီးသည် မည်သူတစ်ဦးတစ်ယောက် တစ်ဖွဲ့တစ်သင်း၏ အမွေအနှစ်မဟုတ်။ မည်သူ တစ်ဦးတစ်ယောက် တစ်ဖွဲ့တစ်သင်း၏ ပုဂ္ဂလိကပိုင်ပစ္စည်းမဟုတ်။ မည်သူတစ်ဦးတစ်ယောက် တစ်ဖွဲ့တစ်သင်းက ချုပ်ကိုင် အနိုင်သိမ်းယူ အကျိုးခံစားအပ်သော နိုင်ငံမဟုတ်။ အတိတ်ကာလကလည်းကောင်း၊ ယခုမျက်မှောက်တွင် လည်းကောင်း၊ နောင်လာလတ္တံ့သော အနာဂတ်ကာလ၌လည်းကောင်း ငါတို့ပြည်ထောင်စုကြီးအတွင်း၌ မှီတင်းနေထိုင်ကြသော ကြီးငယ်ဝေးနီး ကျားမ မခြား သစ္စာတော်ခံ နိုင်ငံသားဟူသရွေ့တို့၏ အမွေအနှစ် အပိုင်ပစ္စည်း အကျိုးခံစားရာဖြစ်သည်”

‘ပြည်ထောင်စုမြန်မာနိုင်ငံတော် လွတ်လပ်ရေးမော်ကွန်းကျောက်တိုင်’လို့ ကမ္ပည်းထိုးထားတဲ့ ရန်ကုန် မဟာဗန္ဓွုလပန်းခြံထဲက ကျောက်တိုင်ကို ၁၉၅ဝ ပြည့်နှစ် နိုဝင်ဘာလ ၂၆ ရက်နေ့မှာ ဖွင့်လှစ်ခဲ့ပါတယ်။ အဲဒီကျောက်တိုင်အခြေ ပတ်လည်မှာတော့ လွတ်လပ်ရေးကြေညာစာတမ်း၊ သစ္စာအဓိဋ္ဌာန် ၉ ချက်၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်းကောက်နုတ်ချက်၊ သခင်နုရဲ့ ပါလီမန်မိန့်ခွန်းနဲ့ လွတ်လပ်ရေး မော်ကွန်းကျောက်တိုင် အုတ်မြစ်ချမိန့်ခွန်းတို့ကို ကျောက်သားမှာ ရေးထိုးထားတာမို့ ဘယ်သူမဆို သွားရောက်ဖတ်ရှုနိုင်ပါတယ်။ ။

ထိန်လင်း (၃ဝ၊ ၁၂၊ ၂ဝဝ၉)

(ဆောင်းပါးရှင် ဆရာ ထိန်လင်း လွန်ခဲ့သော ၈ နှစ်ခန့်က ရေးသားခဲ့သောဆောင်းပါးကို ယနေ့ ကျရောက်သည့် ၇၅ နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့တွင် ပြန်လည်ဂုဏ်ပြုဖော်ပြခြင်း ဖြစ်ပါသည်။)

#လွတ်လပ်ရေးနေ့ #ထိန်လင်း
#Ayeyarwaddy_Times