ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၂ ရက်
ဧရာ၀တီတိုင်း၊ ပုသိမ်အကျဥ်းထောင်မှာ မတရားဖမ်းဆီးထားတဲ့နိုင်ငံရေးအကျဥ်းသားများအနက် အမျိုးသား၇ဦးကို ကြောင်ပန်းကုန်းရွာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး တစ်ဦး အသတ်ခံရမှုမှာပါ၀င်တယ်ဆိုပြီး ထောင်တွင်းတရားရုံးကဒီဇင်ဘာလ ၂၉ ရက်နေ့က ထောင်တွင်းတရားရုံးကနေ ထောင်ဒဏ်၁၅နှစ်စီချမှတ်လိုက်တယ်လို့ အကျဥ်းဦးစီးဌာနနဲ့နီးစပ်သူတွေထံကနေ သိရပါတယ်။
” သူတို့ခုနှစ်ယောက်လုံးက အသက်၅၀အရွယ်တွေ သာမန်ကျေးရွာသားတွေချည်းပဲ အုပ်ချုပ်ရေးမှူးအသတ်ခံရတုန်းက အကုန်ဖမ်းလာတာ။ ဘာသက်သေမှမရှိဘူး ခုကပုဒ်မ၅၂(က)ရယ် လူသတ်မှုကိုအားပေးကူညီတာရယ်၁၅နှစ်ချလိုက်တာ”လို့ အကျဥ်းဦးစီးဌာနနဲ့နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
လက်ရှိအမိန့်ချခံရသူ ၇ဦးဟာ ကြောင်ပန်းကုန်းကျေးရွာအုပ်စုအတွင်း ၂၀၂၀ရွှေးကောက်ပွဲမှာ NLDပါတီ အောင်နိုင်ရေး အတွက် ကူညီပေးခဲ့သူများဖြစ်ကြပြီး အုပ်ချုပ်ရေးမှူးအသတ်ခံရပြီးနောက်မှာ စစ်တပ်နဲ့ရဲက
သူတို့ ၇ဦးကိုပဲရွှေးချယ်ဖမ်းဆီးခဲ့ကာ လာရောက်ဖမ်းဆီးချိန်မှာလဲ လက်နက်နဲ့ သက်သေခံပစ္စည်းဘာမှမတွေ့ရှိပဲနဲ့ခုလို မတရားအမိန့်ချမှတ်ခံခဲ့ရတာလို့ မိသားစုနဲ့နီးစပ်သူတွေက ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်အောက်တိုဘာ၂၅ ရက်နေ့က စစ်ကောင်စီသတင်းပေးတစ်ဦးဖြစ်တဲ့ ကြောင်ပန်းကုန်းရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးကျော်ကြီးဆိုသူဟာ ကျေးရွာလမ်းမပေါ်မှာသေနတ်နဲ့ ၂ ချက် ပစ်သတ်ခံခဲ့ရပြီးသေဆုံးသွားတာဖြစ်ပါတယ်။
ပုသိမ်မြို့နယ်၊ ကြောင်ပန်းကုန်းကျေးရွာအုပ်ချုပ်ရေးမှူးဟာ စစ်ကောင်စီကိုသတင်းပေးခြင်း၊
ဒေသခံရွာသားတွေကို စစ်တပ်ခေါ်ကခြိမ်းခြောက်ငွေတောင်းခြင်း အမှုဆင်ကာဖမ်းဆီးခိုင်းတာတွေကြောင့် ပုသိမ်ခရိုင် မြို့ပြပြောက် ကျား အဖွဲ့ (PSTF )
ကရှင်းလင်းခဲ့တာလို့သတင်းထုတ်ပြန်ခဲ့ပေမယ့် စစ်ကောင်စီတပ်ဖွဲ့၀င်တွေကကြောင်ပန်းကုန်းကျေးရွာအုပ်စုက အမျိုးသား ၇ ဦးကို စွပ်စွဲဖမ်းဆီးကာ ခုလိုထောင်ဒဏ်တွေချမှတ်ခဲ့တာ ဖြစ်ပါတယ်။