ကိုအေး/ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၃၁ ရက်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေသည့် ခမရ ၃၆၈ စစ်ကောင်စီတပ်နှင့် ပျူအဖွဲ့များ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ကန့်ဘလူ PDF ထံက သိရသည်။

အဆိုပါ စစ်ကောင်စီတပ်နှင့်ပျူစောထီးအဖွဲ့ကို ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် မိုးထိ၊ ကျွန်းပင်သာ၊ ပုတီးဖြူရွာများအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်နှင့်ပျူစောထီး ၁၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ကန့်ဘလူ PDF တပ်ဖွဲ့ဝင်များကပြောသည်။

“သူတို့က မိုးထိရွာမှာတပ်စွဲပြီး ထွက်လာတော့ ကျတော်တို့က ကြားဖြတ်ပြီး မိုင်း ၅ ကြိမ် တိုက်ခိုက်တာပါ။ သူတို့ဘက်က အနည်းဆုံး ၁၀ ဦးထက်မနည်းကျဆုံးတယ်။ ဒဏ်ရာရသူတွေလဲများတယ်။ ကျတော်တို့က စစ်ကောင်စီကို ဒီထက်များများတိုက်ခိုက်ဖို့အတွက် လက်နက်ခဲယမ်း အများကြီးလိုအပ်နေသေးတယ်။ ပြည်သူတွေလဲ ဝိဝိုင်းဝန်းကူညီပေးစေချင်ပါတယ်” လို့ ကန့်ဘလူ PDF တပ်ရင်း ၃ မှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

လက်ရှိတွင် ၎င်း စစ်ကောင်စီနှင့်ပျူအဖွဲ့များ တိုက်ခိုက်ခံခဲ့ရပြီးနောက် လက်ပံကျွန်းရွာ အနောက်တောင်ရိုးပေါ်တက်ကာ စံပါယ်နံသာရွာဘက်သို့ ဦးတည်သွားကြောင်း ဒေသခံများထံမှသိရှိရသည်။

#Ayeyarwaddy_Times