ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(လောင်းလုံး)၊ဒီဇင်ဘာလ ၂၉ ရက်
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ဝေဒီရွာက မင်္ဂလာဆောင်တစ်ခုမှာ ယနေ့ နံနက်ပိုင်းက ဗုံးပေါိက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဆိုပါ ဗုံးပေါက်ကွဲမှုဟာ ယနေ့ မနက် ၈ နာရီ ဝန်းကျင်မှာဖြစ်ပွားခဲ့တာဖြစ်ပြီး လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော် (LLPDF)က လုပ်ဆောင်ခဲ့တာမဟုတ်ဘူးလို့ LLPDF ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
” မိုင်းပေါက်ကွဲတာက မဂ်လာဆောင် ခန်းမရဲ့စားပွဲခုံ အနားမှာပေါက်ကွဲခဲ့တာပါ။ ပေါက်ကွဲတဲ့အသံက နှစ်ချက် ဖြစ်ပါတယ်။ ပျူစောထီးနဲ့ စွန်ရဲအမည်ခံ သူတွေကလုပ်တာပါ။ မင်္ဂလာလာပွဲ တစ်ခုလုပ်ရင် စစ်တပ်နဲ့ပျူစောထီး ကို ငွေနှစ်သိန်းက သုံးသိန်းကျပ်အထိပေးရတယ်။ သူတို့ကိုငွေမပေးလို့ အခုလိုဖောက်ခွဲတာပါ။ သူတို့လုပ်ပြီးPDF တွေ လုပ်တာလို့ ပြည်သူတွေထင်ရောင်းထင်မှားဖြစ်အောင်လွှဲချတာသာ ဖြစ်ပါတယ်”လို့ လောင်းလုံးမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ် ကိုပြောပါတယ်။
အဆိုပါ ဗုံးပေါက်ကွဲမှာ မင်္ဂလာဆောင်ကိုလာတဲ့ ဒေသခံရွာသား ၁၀ ဦးခန့်ဒဏ်ရာရရှိခဲ့ပြီး ၃ ဦးဟာ ဒဏ်ရာပြင်းထန်တာကြောင့် အရေးပေါ်လူနာတင်ယာဥ် ၃ စီးနဲ့ ထားဝယ်မြို့ရှိ ဆေးရုံသို့ ပို့ဆောင်ထားရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – LLPDF အနေနဲ့ စစ်ကောင်စီနဲ့ ပျုစောထီးတို့ဟာ တော်လှန်ရေးပုံရိပ်ကျဆင်းဖို့ PDF တွေကိုဘပြည်သူတွေ အထင်လွဲအောင်လုပ်ဆောင်လာနေတာကြောင့် သတိရှိဖို့လိုတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့မင်္ဂလာဆောင်
#လောင်းလုံး #မင်္ဂလာဆောင် #ဗုံးပေါက်ကွဲ #စစ်ကောင်စီ #ပျူစောထီး #LLPDF
#Ayeyarwaddy_Times