ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၂၉ ရက်
စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ ကျေးရွာ ၈ ရွာကို စစ်ကောင်စီတပ်က ဒီဇင်ဘာလ ၂၆ ရက်နေ့မှ ယနေ့ ဒီဇင်ဘာလ ၂၉ ရက်နေ့အထိ ၄ ရက်အတွင်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဒီဇင်ဘာလ ၂၆ရက်နေ့ကစတင်၍ ဒီပဲယင်းမြို့နယ်အတွင်းက ကြည်ရွာ၊ ဘုရားထွက်ရွာ၊ မန်ကျည်းအုပ်ရွာ၊ မန်ကျည်းစောက်ရွာ၊ မင်းတဲကုန်းရွာ၊ ကံပြားရွာ၊ သိမ္ဘာရွာနှင့် ပန်းပုရွာတို့ကို စစ်ကောင်စီတပ်များက မီးရှို့ဖျက်ဆီးကြောင်းဒေသခံများက ပြောသည်။
“သူတို့က ကျွန်တော်တို့ရွာတွေကို တစ်လပိုင်းကုန်လောက်ကစပြီး မီးတင်ရှို့နေတာ။ အခုဒီဇင်ဘာလထဲမှာကို အိမ်ခြေ ၂၀ကျော်နေပြီ။ အကြောင်းမဲ့သက်သက်ယုတ်မာပြီး လုပ်နေတာ”ဟု ဒီပဲယင်းမြို့နယ်မှ ဒေသခံအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ဒီဇင်ဘာလ ၂၆ရက်နေ့ကစပြီး စစ်ကောင်စီတပ်များက ကြည်ရွာကျေးရွာ နေအိမ် ၃၀၀ ခန့်၊ဘုရားထွက်ကျေးရွာ နေအိမ် ၄၀၀ ခန့်၊မန်ကျည်းစောက်ကျေးရွာ နေအိမ်၂၅ အိမ် တို့ကိုမီးရှို့ဖျက်ဆီးခဲ့ပြီး မန်ကျည်းအုပ်ရွာ၊မင်းတဲကုန်းရွာနှင့်ကံပြာရွာရှိ မီးရှို့ခံရသော အိမ်ခြေအရေအတွက်အား မသိရသေးကြောင်း ဒေသခံများက ဆိုသည်။
သိမ္ဘာရွာနှင့်ပန်းပုရွာတို့ကိုမူ ယမန်နေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့ ညပိုင်းတွင် မီးရှို့ခဲ့ကြောင်း ဒေသခံများထံမှသိရသည်။
#ဒီပဲယင်း #၄ရက်အတွင်း #ရွာ #စစ်ကောင်စီ #မီးတင်ရှို့
#Ayeyarwaddy_Times