ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ၂၉ ရက်

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်-KBC ဥက္ကဋ္ဌဟောင်း သိက္ခာတော်ရဆရာ ဒေါက်တာခလမ်ဆမ်ဆွန် ကို စစ်ကောင်စီမှ ဒီဇင်ဘာလ ၂၈ ရက် ယမန်နေ့တွင် မတရား အသင်းဆက်သွယ်မှုအက်ဥပဒေ ၁၇ (၁)ဖြင့်အမှုဖွင့် အရေးယူထားကြောင်း မြစ်ကြီးနားရဲတပ်ဖွဲ့နှင့်နီးစပ်သည့်အသိုင်းအဝိုင်းထံကသိရသည်။

၄င်းမှာ ဒီဇင်ဘာလ ၅ ရက်နေ့က ထိုင်းနိုင်ငံသို့ ဆေးသွားကုရန် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိနေစဥ် စစ်ကောင်စီမှ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးပြီးနောက် ၃ ပတ်ကျော်အကြာတွင် အမှုဖွင့်ခဲ့ခြင်းဖြစ် ကြောင်းသိရသည်။

“သူ့ကို မနေ့က မတရားအသင်းဥပဒေ ၁၇(၁)နဲ့ ဖွင့်တယ်။ နောက်ဆက်တွဲအမှုတွေလည်း ရှိဦးမယ်လို့သိရတယ်။ လတ်တလော မြစ်ကြီးနားထောင်မှာချုပ် ထားတယ်” ဟု မြစ်ကြီးနားရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်တပ်ထောက်ခံသည့်တယ်လီဂရမ်ချန်နယ်များတွင် ဒေါက်တာ ခလမ်ဆမ်ဆွန်ကို စစ်ကောင်စီမှ မတရားအသင်းအဖြစ် ကြောညာထားသည့် KIA ဗဟိုဌာနချုပ်လိုင်ဇာသို့ သွားရောက်ခဲ့ပြီး KIOဥက္ကဋ္ဌ အင်ဘန် လ၊ ဒုဥက္ကဋ္ဌ ဂွမ်မော်တို့ပြုလုပ်သည့် အစည်း အဝေးကို တက်ရောက်ခဲ့သည်ဟုဆိုကာ မတရားအသင်းအက်ဥပဒေဖြင့် အမှုဖွင့်အရေးယူထားပြီးအကြမ်းဖက်မှုဥပဒေများဖြင့်ပါဆက်လက်စွဲဆိုအရေးယူမည်ဟုဖော်ပြထားသည်။

ဒေါက်တာခလမ်ဆမ်ဆွန် ဖမ်းဆီးခံရမှုနှင့်ပတ်သက် ၍ ကချင်ဘာသာရေးအဖွဲ့အစည်း၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ကချင်ပြည်သူလူထုမှ ၄င်းတို့ကချင်လူမျိုးစုတစ်ခုလုံးကိုစိန်ခေါ်ခြင်းဖြစ်ပြီး အမြန်ဆုံးလွှတ်ပေးရန်တောင်းဆိုထုတ်ပြန်ထားကြောင်း သိရသည်။

#ကချင် #KBC #ဥက္ကဌဟောင်း #ဖမ်းဆီးခံရ #မတရားအသင်းဆက်သွယ်မှု #ဥပဒေပုဒ်မ #အမှုဖွင့် #AyeyarwaddyTimes