
ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၅ ရက်
စစ်အာဏာသိမ်းပြီး တစ်နှစ်တာအတွင်း တနင်္သာရီတိုင်းမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုပေါင်း ၁၇၀၀ ကျော်အထိ ပြုလုပ်နိုင်ခဲ့တယ်လို့ Southern Monitor ရဲ့ စာရင်းများအရ သိရပါတယ်။
တစ်နှစ်တာအတွင်း မြို့နယ်အလိုက် လူထုလှုပ်ရှားမှုအရေအတွက်အရ ထားဝယ်မြို့နယ်မှာ ၃၃၂ ကြိမ်၊ ရေဖြူမြို့နယ်မှာ ၁၆၄ ကြိမ်၊ လောင်းလုံးမြို့နယ်မှာ ၁၀၁၅ ကြိမ်၊ သရက်ချောင်းမြို့နယ်မှာ ၂၃၁ ကြိမ်၊ မြိတ်မြို့နယ်မှာ ၁၃ ကြိမ်၊ ကျွန်းစုမြို့နယ်မှာ ၁ ကြိမ်၊ ပုလောမြို့နယ်မှာ ၄ ကြိမ်၊ တနင်္သာရီမြို့နယ်မှာ ၁၁ ကြိမ်၊ ကော့သောင်းမြို့နယ်မှာ ၁၀ ကြိမ် စုစုပေါင်း ၁၇၈၁ ကြိမ်ရှိခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံ အနှံအပြား စစ်အာဏာရှင် ဆန့်ကျင်ရေး အကြမ်းမဖက် လူထုလှုပ်ရှားမှုများတွင် တနင်္သာရီတိုင်းမှာလည်း ဆန္ဒပြပွဲတွေကို ၂၀၂၁ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းခဲ့တဲ့နောက်ပိုင်း အစောဆုံး ပြုလုပ်ခဲ့တဲ့အထဲမှာ ပါဝင်ခဲ့ပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ လယ်မှာ ပြုလုပ်ကြတဲ့ ဆန္ဒပြပွဲတွေမှာ လူသိန်းချီပါဝင်ခဲ့ကြပြီး ဖေဖော်ဝါရီ ၂၇ ရက်နေ့က စလို့ လုံခြုံရေးတပ်ဖွဲ့တွေက ဆန္ဒပြသူတွေကို ဖမ်းဆီးတာတွေ၊ ဖြိုခွင်းတာတွေ စတင် လုပ်ဆောင်ခဲ့ကြပါတယ်။ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ ထားဝယ်၊ မြိတ်၊ ကော့သောင်း စတဲ့ မြို့ကြီးတွေက ဆန္ဒပြပွဲတွေကို စစ်ကောင်စီက အကြမ်းဖက် ဖြိုခွင်းခဲ့ပြီး လူသေဆုံး၊ ဒါဏ်ရာရတာတွေ ဖြစ်ပေါ်ခဲ့တာ တွေ့ရပါတယ်။
မြိတ်မြို့က DVB သတင်းထောက်ကိုအောင်ကျော်ကို မတ်လ ၂ ရက်နေ့မှာ စစ်ကောင်စီက ဖမ်းဆီး ခဲ့ပြီး ဆန္ဒပြခေါင်းဆောင်တွေကို ဖမ်းဆီးတာ၊ ဆန္ဒပြပွဲတွေကို အကြမ်းဖက် ဖြိုခွင်းတာတွေ ဆက်တိုက်လုပ်ဆောင်ခဲ့ပေမယ့် တနင်္သာရီတိုင်းမှာ အကြမ်းမဖက်လူထုလှုပ်ရှားမှုတွေဟာ ပုံစံမျိုးစုံနဲ့ ဆက်လက်ရှိနေခဲ့ပါတယ်။ မြိတ်ခရိုင်နဲ့ ကော့သောင်းခရိုင်မှာတော့ အကြမ်းမဖက်လူထုလှုပ်ရှားမှုတွေ အားလျော့သွားခဲ့ပြီး ထားဝယ်ခရိုင်ထဲက မြို့နယ်တွေမှာ အကြမ်းမဖက်လူထုလှုပ်ရှားမှုတွေ ဆက်လက် အားကောင်းခဲ့ပါတယ်။ သပိတ်ကော်မီတီတွေလည်း စနစ်တကျဖွဲ့စည်းခဲ့ကြပြီးတော့ ကျေးရွာတွေမှာလည်း လူထုလှုပ်ရှားမှုတွေ အားကောင်းအောင်စုစည်းနိုင်ခဲ့တယ်လို့ Southern Monitor က ဆိုပါတယ်။
စစ်ကောင်စီဘက်ကလည်း အကြမ်းမဖက်လူထုလှုပ်ရှားမှုတွေ အားကောင်းတဲ့ ထားဝယ်ခရိုင်ထဲက မြို့နယ်တွေမှာ အကြမ်းဖက်ဖြိုခွင်းတာတွေနဲ့ ဆန္ဒပြသူတွေကို ဖမ်းဆီးတာတွေ ဆက်တိုက်လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီလို အကြမ်းဖက် ဖြိုခွင်းမှုတွေကြောင့် ဆန္ဒပြသူအရေအတွက် လျော့နည်းသွားပေမယ့် ဆန္ဒပြပွဲတွေကတော့ နေ့စဉ်နီးပါးရှိနေခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် မေလနဲ့ ဇွန်လထဲမှာ ထားဝယ်မြို့နယ်မှာ သပိတ်ခေါင်းဆောင်တွေနဲ့ ဆန္ဒပြသူတွေကို ဖမ်းဆီး တရားစွဲ ထောင်ချတာတွေကြောင့် လူထုလှုပ်ရှားမှု စတင် အားနည်းလာခဲ့ပါတယ်။ ဒါပေမယ့် လောင်းလုံး၊ သရက်ချောင်းနဲ့ ရေဖြူမြို့နယ်တွေမှာတော့ ဆက်လက်အားကောင်းခဲ့တာတွေ့တယ်လို့ Southern Monitor က ရေးသားဖော်ပြထားပါတယ်။
၂၀၂၁ ဇွန်လ၊ ဇူလိုင်နဲ့ ဩဂုတ်လတွေမှာ ကိုဗစ်ရော ကူးစက်မှုမြင့်တက်လာတာ၊ စစ်ကောင်စီရဲ့ ခရီးသွားလာမှုကန့်သတ်ချက်တွေကြောင့် တနင်္သာရီတိုင်းအတွင်း ဆန္ဒပြပွဲတွေ သိသိသာသာ အရှိန်လျော့ကျလာခဲ့ပါတယ်။ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုတွေ လျော့နည်းသွားပြီး လက်နက်ကိုင်ပဋိပက္ခဖြစ်စဉ်တွေ စတင်မြင့်တက်လာခဲ့ပါတော့တယ်။ ၂၀၂၁ ဩဂုတ်လက စပြီး တိုက်ပွဲတွေ၊ ဗုံးဖောက်ခွဲမှုတွေ၊ နှစ်ဖက်အပြန်အလှန်လုပ်ကြံသတ်ဖြတ်မှုတွေ၊ အရပ်သားသေဆုံးမှုတွေ ဆက်တိုက်မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။
လအလိုက်ကြည့်မယ်ဆိုရင် ၂၀၂၁ ဇွန်လမှာ အကြမ်းမဖက် လူထုလှုပ်ရှားမှု အကြိမ်ရေ ၅၅၀ ရှိရာကနေ ဩဂုတ်လမှာ အကြိမ်ရေ ၂၀၀ ခန့်သာရှိခဲ့ပါတယ်။ ၂၀၂၁ စက်တင်ဘာလမှာ အကြိမ်ရေ ၁၀၀ ကျော်ရှိပြီး ၂၀၂၁ အောက်တိုဘာလကနေ ၂၀၂၂ ဇွန်လအတွင်းမှာတော့ လူထုလှုပ်ရှားမှု အကြိမ်ရေဟာ ၁၀၀ အောက်မှာပဲ ရှိလာတယ်လို့ Southern Monitor ရဲ့ ကိန်းဂဏန်းတွေအရ သိရပါတယ်။
အကြမ်းမဖက်လူထုလှုပ်ရှားမှုတွေထဲမှာ လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်တာတွေ၊ လူမြင်ကွင်းနဲ့ ဝေးတဲ့နေရာတွေမှာ အဖွဲ့အလိုက် ဆန္ဒထုတ်ဖော်မှုတွေ၊ ညသပိတ်နဲ့ ဆုတောင်းပွဲတွေ၊ အသံတိတ်သပိတ်တွေ၊ သံပုံတီးသပိတ်၊ ပိုစတာများ သင်္ကေတများ ဆိုင်းဘုတ်များအသုံးပြုပြီး ဆန္ဒထုတ်ဖော်တာတွေနဲ့ အွန်လိုင်းကမ်းပိန်းတွေပါဝင်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်တွေက လောင်းလုံးမြို့နယ်ထဲက ရွာတွေကို ဝင်ရောက်စီးနင်းတာတွေရှိပေမယ့် အခု ဇွန်လထဲမှာ လောင်းလုံးမြို့နယ်အပါဝင် ထားဝယ်၊ သရက်ချောင်း၊ ရေဖြူနဲ့ မြိတ် မြို့နယ်တွေမှာ လူထုလှုပ်ရှားမှု အကြိမ် ၅၀ ခန့်ရှိခဲ့တယ်လို့ သိရပါတယ်။