ဧရာ၀တီတိုင်းမ်
ဒီဇင်ဘာလ၂၅ ရက်

စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့နယ်၊အမြင့်ရဲစခန်းအနီး တစ် ဝိုက်အပါအဝင် အမြင့်မြို့ပေါ်နေရာများကို စစ်ကောင်စီတပ်မှ ဒီဇင်ဘာလ ၂၄ ရက် ယမန်နေ့ နေ့လည် ၁နာရီ ၄၀ မိနစ်ခန့်တွင် တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံကသိရသည်။

ရဟတ်ယာဉ်ဖြင့် ၁၆ မိနစ် အကြာ လှည့်ပတ်ပစ်ခတ်တိုက်ခိုက်မူကြောင့် ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံတစ်ဦးကပြောသည်။

“ရဲစခန်းပတ်ပတ်လည်တွေနဲ့ အမြင့်မြို့ပေါ်ကို ၃ကြိမ်လောက် ၀ဲပွီးလှည့ျပွီးတော့ လေယာဥ်နဲ့လာပစ်သွားတာ။ ဟိုတနေ့က PDFတွေဘက်က အမြင့်ရဲစခန်းကို မိုင်းခွဲပြီး တိုက်ခိုက်ခဲ့လို့ ရဲတွေဘက်ကအထိနာတာရှိတယ်။ အဲ့ဒါကြောင့်လာပစ်သွားတာထင်တယ်။ လောလောဆယ် ဖုန်းလိုင်းတွေကတော့ ဖြတ်ထားတာမရှိဘူးဆိုပေမယ့် ဆက်သွယ်လို့မရဘူးဖြစ်နေတာ”ဟု အမြင့်မြို့ဟောင်း ဒေသခံအမျိုးသားတစ်ဦးက ဧရာ၀တီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီလက်အောက်ခံ အမြင့်ရဲစခန်းကို ဒီဇင် ဘာ ၂၁ ရက်နေ့က ဒေသတွင်းPDF အဖွဲ့တခုမှ မိုင်းခွဲတိုက် ခိုက်ခဲ့ရာ စခန်းမှူးအပါအ၀င် ရဲ ၂ ဦးသေဆုံးခဲ့ကြောင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ၏ ပြောပြချက်အရ သိရသည်။

“ကျနော်တို့ကြားရတဲ့ အနေအထားအရဆိုရင် အမြင့်ရဲစခန်းပတ်လည်က အိမ်တွေမှာ PDF တွေရှိတယ်ထင်လို့ လေယာဥ်နဲ့ အထက်ကနေပစ်တာ။ နောက်တစ်စီးကကျတော့ အနောက်ဘက်ကမ်းမှာရှိတဲ့ ချင်းတွင်းမြစ်ကြောင်းအတိုင်းကို မြေပြင်ကနေပတ်ပြီးတော့ရံထားတာပေါ့ဗျာ။PDF တွေ ဒီဘက်မြစ်ကမ်းအတိုင်းပူးပြီးတော့ ပြေးမလားပေါ့။ ကျနော်တို့အထင် ခန့်မှန်းရတာပေါ့”ဟု ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာ၀န်ရှိသူတစ်ဦးကပြောသည်။

လက်ရှိတွင် ချောင်ဦးနှင့် အမြင့်မြို့ဟောင်းတစ်ဝိုက်တွင် စစ်ရေးတင်းမာလျှက်ရှိပြီး ချင်းတွင်းမြစ်အနောက်ဘက်ကမ်းရှိ မြေပြင်စစ်ကြောင်းတချို့ကလည်း စစ်ကြောင်းထိုးရန် ပြင်ဆင်နေသည် ဆိုသည့်သတင်းများကြောင့် အမြင့်မြို့ဟောင်းနှင့် အနီးအနားပတ်၀န်းကျင်ရှိရွာများမှ ဒေသခံပြည်သူများက စစ်ဘေးရှောင်ရန်အတွက် ကြို တင်ပြင်ဆင်လျက်ရှိကြောင်း ဒေသခံများ၏ပြောပြချက်အရသိရသည်။

ဒီဇင်ဘာလ ၂၀ ရက်နေ့ကစတင်၍ မုံရွာ-အမြင့်လမ်းပိုင်း၊ ခင်မွန်-ရွှေဒါးကျလမ်းပိုင်း နှင့်ချောင်းဦး-အမြင့်လမ်းပိုင်း တို့အား ဒေသခံကာကွယ်ရေးတပ်ဖွဲ့များမှ လမ်းအသုံးပြုခွင့်ပိတ်ထားကြောင်း ထုတ်ပြန်ကြေညာခဲ့သည်ဟုသိရသည်။

#မုံရွာ #ချောင်းဦး #အမြင့် #စစ်ကောင်စီတပ် #PDF #စစ်ရေးတင်းမာ #AyeyarwaddyTimes