နွေဦးမောင်/ဧရာဝတီတိုင်းမ်
(မုံရွာ)၊ ဒီဇင်ဘာလ ၂၄ ရက်
မန္တလေး-မုံရွာ အဝေးပြေးကားလမ်းပေါ်ဒီဇင်ဘာလ ၂၃ ရက်နေ့ ညနေ ပိုင်းက ခရီးသည်တင်ယာဉ် တစ်စီး စစ်ကောင်စီတပ်ရဲ့ကားကို ကျော်တက်မိတာကြောင့် ပစ်ခတ်တာခံရပြီး ၁ ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
မုံရွာ – ပြင်ဦးလွင် – နေပြည်တော် ပြေးဆွဲတဲ့ စတားယာဉ်လိုင်းက အံစားတုံးကားကို စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် အမျိုးသမီး ၁ ဦးဟာ ကားပေါ်မှာသေဆုံးခဲ့သလို ယာဉ်မောင်းနဲ့ နောက်ထပ် အမျိုးသမီးတစ်ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖြစ်တာက မနေ့က ညနေ ၄ နာရီလောက် စစ်ကားကို ကျော်တက်လို့ဆိုပြီး ပစ်လိုက်တာ သေဆုံးတဲ့ သူတွေရော ဒဏ်ရာရတဲ့သူတွေရောကို ဟိန်းစတားကားအသင်းအဖွဲ့ကပဲ ဆေးရုံကိုပို့ပေးရတာလို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
သေဆုံးတဲ့သူတွေနဲ့ ဒဏ်ရာရရှိသူတွေကို ဆေးရုံပို့ဆောင်ပြီးနောက်ပိုင်းမှာ ကျန်တဲ့ခရီးသည်တွေကို ကားပြောင်းပြီး ဆက်လက်ထွက်ခွာသွားတယ်လို့ ဆိုပါတယ်။
စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဇရပ်အနီးမှာ ဒီဇင်ဘာလ ၂၃ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီရဲ့ ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက်ပိုင်းမှာ စစ်ကောင်စီတပ်သားတွေက ခုလိုမျိုး ကားတွေကို ရမ်းသမ်းပစ်ခတ် နေတာလို့ ဒေသခံတွေက ပြောပါတယ်။