ဧရာဝတီတိုင်းမ်
(မြိုင်)၊ ဒီဇင်ဘာလ ၂၄ ရက်
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကြံ့စိမ့်ကြီးကျေးရွာအနီးတွင် ဒီဇင်ဘာလ ၂၂ ရက်နေ့ မနက် ၁၁ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်များကို ထောက်လှမ်းရန်သွားသည့် PDF များစီးနင်းလာသည့် ကားအား စစ်ကောင် စီတပ်များမှ ပိတ်ဆို့ပစ်ခတ်ခဲ့ကြောင်းသိရသည်။
ကြံ့စိမ့်ကြီးကျေးရွာအနီး ကျေးရွာချင်းဆက်လမ်းပေါ်တွင် အင်အား ၁၀၀ကျော်ပါစစ်ကြောင်းထိုးလာသည့်စစ်ကောင်စီတပ်နှင့် သတင်းထောက်လှမ်းရန်နှင့် မိုင်းဆွဲတိုက်ခိုက်ရန်လာသည့် PDFအဖွဲ့ဝင်များစီးနင်းလာ သည့် အိမ်စီးကားတို့ထိပ်တိုက်တွေ့ဆုံ ပစ်ခတ်မှုဖြစ် ပွားရာမှ ၃ ဦးကျဆုံးခဲ့ပြီး ၂ ဦးထွက်ပြေးလွတ် မြောက်ခဲ့ကြောင်း Young Force Pakokku တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
“အဲ့ဒီစစ်ကြောင်းက ရေစကြို၊ သဲတော စစ်ကြောင်းကနေ ဒီကိုဆက်လာတာ၊ စစ်ကြောင်း၂ခုပေါင်းပြီး။ စစ်ကြောင်းကပျောက်သွားတော့ ပြည်သူတွေကြို တင်ရှောင်ရှားလို့ရအောင်ရော၊ စစ်ကြောင်းလာနိုင်မယ့်လမ်းကြောင်းမှာ မိုင်းထောင်ဖို့ရော ထောက်လှမ်းဖို့အသွားမှာဘဲ အဲ့ဒီစစ်ကြောင်းနဲ့တွေ့ပြီး ဝိုင်းပြီးပိတ်ဆို့ပစ်ခတ်တာခံရလိုက်ရတာ” ဟု Young Force Pakokkuအဖွဲ့တာဝန်ရှိသူမှ ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပိတ်ဆို့ပစ်ခတ်ခံရမှုကြောင့် ကားပေါ်ပါ ရဲဘော် ၅ ဦးအနက် အသက် ၁၇၊ ၁၈၊ ၂၁အရွယ်အသီးသီးရှိသည့် ရဲဘော်အာဒံ၊ ရဲဘော်တက်ပု၊ ရဲဘော်တေမိ တို့ ၃ ဦးကျဆုံးခဲ့ရကြောင်း သိရသည်။
ဆက်လက်ပြီး “စစ်ကြောင်းနဲ့တွေ့တော့ သူတို့ကနောက်ကနေပိတ်ပစ်တာ၊ ကားရှေ့ခန်းက ၂ ယောက်ကထွက်ပြေးလွတ်မြောက်သွားပြီး နောက်ခန်းက ၃ ယောက်ကထိသွားတာ၊ အဲ့ဒီမှာ စစ်ကောင်စီတပ်တွေကသူတို့ကိုဆွဲချ ဓာတ်ပုံရိုက်ပြီး ကားထဲပြန်ထည့်ပြီးကားကိုမီးရှို့သွားတာ”ဟု ပြောသည်။
အတိုပါဖြစ်စဥ်နှင့်ပတ်သက်၍ စစ်တပ်ထောက်ခံသည့် တယ်လီဂရမ်ချန်နယ်များတွင် မြိုင်မြို့နယ် ၊ ကြံဆိမ့်ကျေးရွာအနီး အိမ်စီးကားကို တားဆီးစစ်ဆေးရာ ရပ်တန့်မပေးသည့်အတွက် ပစ်ခတ်ရာ ယာဥ်ပေါ်ပါ အမျိုးသား ၃ ဦးကို အသေပစ်ခတ်ဖမ်းဆီးခဲ့ပြီး လက်နက်ခဲယမ်းတချို့သိမ်းဆည်းရမိသည်ဟု ရေးသားထားသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၉ ရက်တွင်လည်း အဆိုပါစစ်ကြောင်းနှင့် ရေစကြိုမြို့နယ်၊ သဲတောတိုက်ပွဲတွင်လည်း Southern YSO PDFအဖွဲ့ဝင် ရဲဘော်ရဲထွဋ်ကျဆုံးခဲ့ပြီး စစ်ကောင်စီဘက်မှ တပ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။