မင်းခ/ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၂၂ ရက်

စစ်ကောင်စီက SU 30 တိုက်လေယာဥ် ​လေ့ကျင့်ပျံသန်းမှုများ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ စစ်ကောင်စီလေတပ်ကို စောင့်ကြည့် သတင်းအချက်အလက်ရယူနေတဲ့ EAR Channel ထံမှ သိရပါတယ်။

အောက်တိုဘာလ တတိယပတ်က စတင်ကာ SU 30 တိုက်လေယာဥ်ပျံသန်းမှုတွေကို စတင်လုပ်ဆောင်နေတာဖြစ်ပြီး အပတ်စဥ် တနင်္လာနေ့မှ သောကြာနေအထိ မနက်ပိုင်းနဲ့ နေ့လည်ပိုင်းတွေမှာ မိနစ် ၃၀ ကနေ ၁ နာရီကြာသည်အထိ လေ့ကျင်ပျံသန်းနေတာလို့ EAR Channelက ပြောပါတယ်။

“အောက်တိုဘာလ ၁၅ ရက်နေ့ လောက်က စပြီး Weekdays တွေမှာ မနက်နဲ့ နေ့လည်ပိုင်းတွေ ပုံမှန်လေ့ကျင့်နေပါတယ်။တခါတလေ ညနေဖက် မောင်းတာရှိတယ်။ ကြာချိန်ကတော့ တစ်နေ့ကို ပျှမ်းမျှ မိနစ် ၃၀ ကနေ ၁ နာရီ လောက်ထိရှိမယ်” လို့ EAR Channel မှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

SU 30 တိုက်လေယာဥ်တွေဟာ မြန်မာနိုင်ငံတောင်ဖက်ကနေမြောက်ဖက်စွန်းထိ ဆီဖြည့်ဖို့ရပ်စရာမလိုဘဲ ပျံနိုင်တဲ့အပြင် လက်ရှိအသုံးပြုနေကြ တိုက်လေယာဥ်တွေထက် ပစ်မှတ်ကို ထိရောက်စွာတိုက်ခိုက်နိုင်တယ်လို့ သူက ဆိုပါတယ်။

“Su 30 တွေက မြန်မာနိုင်ငံတောင်ဖက်ကနေမြောက်ဖက်စွန်းထိ ဆီဖြည့်ဖို့ရပ်စရာမလိုဘဲ ပျံနိုင်လို့ တခြား Yak 130 , K8 တို့လို Light Attack fighter တွေထက် ပိုပြီး ထိထိရောက်ရောက် mission လုပ်နိုင်တာတော့ရှိမယ်။ ဒါပေမယ့် ပျံသန်းတဲ့အခါ operating costsက အရမ်းများတယ်။ ထုတ်သုံးမလား၊ မသုံးမလားကတော့ သူတို့ အပေါ်ပဲမူတည်မယ်၊ အတိအကျမပြောနိုင်ပါ”လို့ EAR Channel မှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

SU 30 တွေဟာ ပေါင် ၁၀၀၀ ရှိ ဗုံး (၄)လုံးအထိ တပြိုင်တည်းကြဲချနိုင်တာကြောင့် ယခင်လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေထက် ထိခိုက်ပျက်ဆီးမှု ပိုမိုဆိုးရွားနိုင်မယ်လို့ သူက ပြောပါတယ်။

“အဓိက အကျိုးဆက်ကတော့ အရင် Yak 130 တွေ၊ Mig 29 တွေထက် သူက load ပိုသယ်နိုင်တော့ ဗုံးများများသယ်နိုင်တာကို ပိုသတိထားရမယ်။ ပေါင် ၁၀၀၀ ဗုံး (၄) လုံး တစ်ပြိုင်တည်း ကြဲနိုင်လို့ , Damage ကတော့ သတိထားစရာ ဖြစ်ပါတယ်။ ကျန်တာကတော့ အရင် လေယာဉ်ပျံတွေထက်အရမ်းကြီး ပိုပြီး ထူးတာတော့မရှိဘူး”လို့ EAR Channel မှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ပြည်သူတွေအနေနဲ့ သတင်းအမှန်အမှား ချင့်ချိန်ယုံကြည်ကြဖို့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို အစိုးရိမ်မလွန်ကြဖို့ နဲ့ ကြိုတင်သတိထားပြင်ဆင်ကြဖို့ EAR Channel က သတိပေးပြောဆိုထားပါတယ်။

“သတင်းအမှန်အမှားချင့်ချိန်ယုံကြဖို့၊ စကစဘက်က Panic Attack တွေကို အစိုးရိမ်မလွန်ကြဖို့နဲ့ လေယာဉ်ပျံက အချိန်တိုင်းရောက်လာနိုင်တာမို့ တတ်နိုင်သ‌မျှ ကြိုတင်ပြင်ဆင်သတိထားကြဖို့ပါ။ အင်တာနက်လိုင်းရတဲ့သူတွေကတော့ ဒီချန်နယ် (https://t.me/enemyairroute) ကနေ စောင့်ကြည့်ပြီး မြေပြင်ကရဲဘော်တွေဆီရောက်ဖို့ နည်းမျိုးစုံသုံးပြီးပြန်ပို့နိုင်ပါတယ်” လို့ EAR Channel မှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

တော်လှန်ရေးအင်အားစုတွေအနေနဲ့ စစ်ကောင်စီတိုက်လေယာဥ်တွေရဲ့ ဗုံးကြဲတိုက်ခိုက်မှုရန်မှ ကာကွယ်နိုင်ရန်အတွက် လေယာဉ်တွေမတက်နိုင်အောင် ဗုံးမကြဲနိုင်အောင် လေယာဉ်ပျံတွေ၊ လေယာဉ်ကွင်းနဲ့ လေယာဉ်ဆီလမ်းကြောင်းတွေ၊ ပိုင်းလော့တွေကို ဖျက်ဆီးတိုက်ခိုက်ဖို့ သူတို့ရဲ့သတင်းအချက်အလက်တွေစုဆောင်းပြီး သတင်းပေးကြဖို့ တိုက်တွန်းပြောဆိုထားပါတယ်။

ဒါ့အပြင် တပ်တွင်းဖရဲသီးတွေအပါအဝင် မြစ်ကြီးနား၊ ဗန်းမော်၊ နမ့်စမ်၊ လားရှိူး၊ ပုသိမ်၊ ထားဝယ်၊ နပတ၊ တံတားဦး၊ မုံရွာ နမခ၊ မှော်ဘီ၊ ဘားအံ၊ တောင်ငူ၊ မြိတ်၊ ကော့သောင်း၊ ကျောက်ထု၊ စစ်တွေ အနီးတဝိုက်က သတင်းပေးပြည်သူအများအပြားလိုအပ်နေတာကြောင့် ပါဝင်ကူညီခြင်းနဲ့ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်မှ ကာကွယ်နိုင်မှာဖြစ်တယ်လို့ EAR Channel က ဖိတ်ခေါ်ထားပါတယ်။

“လေယာဉ်တွေမတက်နိုင်အောင်် ဗုံးမကြဲနိုင်အောင် လေယာဉ်ပျံတွေ၊ လေယာဉ်ကွင်းနဲ့ လေယာဉ်ဆီလမ်းကြောင်းတွေ၊ ပိုင်းလော့တွေကို ဖျက်ဆီးတိုက်ခိုက်ဖို့ သူတို့ရဲ့သတင်းအချက်အလက်တွေစုဆောင်းဖို့ ဦးစားပေးလုပ်ဆောင်ဖို့လိုပါတယ်။ ဒီလို မဖျက်‌ဆီးမတိုက်ခိုက်နိုင်သရွေ့ကတော့ လုပ်လို့ရတာက လေယာဉ်အတက်အဆင်းနဲ့ လေယာဉ်ဖြတ်သန်းလမ်းကြောင်းတွေကို အချိန်နဲ့တပြေးညီအမြဲမပြတ်စောင့်ကြည့်သတင်းပေးကြဖို့ပါ။ သတင်းပေးခြင်းက လေကြောင်းရန်ကိုအလုံးစုံမကာကွယ်ပေးနိုင်တောင် ကိုယ်ပေးလိုက်တဲ့သတင်းကြောင့် မြေပြင်က အချိန်မှီသတင်းရရှိခဲ့ရင် တတ်နိုင်သမျှရှောင်နိုင်ချိန်ရှိတာမို့ လူတိုင်းပါဝင်နိုင်တဲ့ နည်းပါပဲ။ ဘယ်မြို့နဲ့လေတပ်အနီးကသတင်းပေးတွေလိုအပ်လဲဆို လေတပ်ထဲကဖရဲသီးတွေအပါအဝင် မြစ်ကြီးနား၊ ဗန်းမော်၊ နမ့်စမ်၊ လားရှိူး၊ ပုသိမ်၊ ထားဝယ်၊ နပတ၊ တံတားဦး၊ မုံရွာ နမခ၊ မှော်ဘီ၊ ဘားအံ၊ တောင်ငူ၊ မြိတ်၊ ကော့သောင်း၊ ကျောက်ထု၊ စစ်တွေ အနီးတဝိုက်က သတင်းပေးပြည်သူတွေ အများအပြားလိုအပ်နေပါတယ်။ ဘယ်ကိုပို့ရမလဲဆို https://t.me/EAR_Info ကို ယုံကြည်စိတ်ချစွာနဲ့ပို့ပေးပါ” လို့ EAR Channel မှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

EAR Channel ဟာ ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလမှ စတင်ကာ စစ်ကောင်စီဘက်က လေကြောင်းစစ်ဆင်ရေးအဓိကလုပ်ဆောင်လာတာကြောင့် မြေပြင်ကရဲဘော်တွေနဲ့ ပြည်သူတွေကို Early Warning သတိပေးနိုင်ဖို့ လူငယ်များစုစည်းပြီး Telegram Channel စတင်ခဲ့ရာ တစ်နှစ်တာကာလအတွင်းမှာ ရခဲ့တဲ့ လေကြောင်းသတင်းအချက်အလက်နဲ့ တတ်နိုင်သလောက် အသိပေးနိုင်ခဲ့သလို လေကြောင်းနဲ့ပတ်သက်တဲ့ ကြိုတင်ကာကွယ်ပြင်ဆင်ဖို့ အသိပညာမျှဝေခြင်းတွေ လုပ်ဆောင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

သတင်းအချက်အလက်တွေကိုလည်း တတ်နိုင်သလောက် အမှားနည်းအောင် စိစစ်ပြီး စစ်ဖက်ဆိုင်ရာလေယာဉ်အမျိုးအစားနဲ့ အရေအတွက်တွေ ဦးတည်ရာတွေကို အချိန်နဲ့တကွ Telegram Channel မှ တဆင့် သတင်းထုတ်ပြန်ပေးနေတယ်လို့ EAR Channel က ပြောပါတယ်။

ဓာတ်ပုံ – EAR Channel၊ လူမှုကွန်ရက်
#စစ်ကောင်စီ #SU30 #တိုက်လေယာဥ် #လေ့ကျင့်မှု #EAR
#Ayeyarwaddy_Times