ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၂ ရက်

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ မန္တလေး-ဗန်းမော်လမ်းပိုင်းတွင် ခရီးသွားပြည်သူများ၏ ယာဥ်များကို ဖမ်းဆီးမတရားငွေညှစ်ပြီး ပြန်လာသည့် ဗိုလ်မှူးတစ်ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ယာဥ် တန်းကို မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့- ကြာညှပ် ထံမှသိရှိရသည်။

ယမန်နေ့ ဒီဇင်ဘာ ၂၁ ရက်နေ့ ညနေ ၆ နာရီခွဲခန့်က မန္တလေး-ဗန်းမော်လမ်းပိုင်းရှိ ဆယ်ဇင်းကုန်းကျေး ရွာထိပ်နားတွင် လမ်းသွားပြည်သူများ၏ယာဥ်များကို ရပ်တန့်စစ်ဆေးကာငွေညှစ် ဖမ်းဆီးပြီး ဆိုင်ကယ်များဖြင့်ပြန်လာသည့် စစ်ကောင်စီတပ်သားများနှင့် ရဲတပ်ဖွဲ့ဝင် ၈ ဦးကို မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဒုက္ခပေးပြီးပြန်လာတဲ့ စစ်ကောင်စီတပ်သား တွေကို ကိုးပင်နဲ့ ပုတီးဖြူရွာကြားအရောက်မှာ စလက်မိုင်း ၂ လုံးရယ်၊ ရှေ့ထွက်မိုင်း ၂ လုံးရယ် ဖောက်ခွဲတိုက်ခိုက်ခဲ့တာပါ။ လာတာ ဆိုင်ကယ်တွေနဲ့ ၈ ယောက်။ ၈ ယောက်လုံးတည့်တည့်ထိတာ။ ၇ ယောက်ကနေရာ တင်သေတယ်။ တစ်ယောက်ကတော့ မသေမရှင်ပေါ့။ သေတဲ့ထဲ ဗိုလ်မှူးဆိုတဲ့ကောင် ပါမပါပဲ မသေချာတာ”ဟု ကြာညှပ် တပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

သေဆုံးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လူနာတင်ယာဥ် ၂ စီးဖြင့် လာရောက်သယ်ဆောင် သွားပြီးနောက် စစ်ကောင်စီတပ်မှ အင်အား ၂၀ ဖြင့် ယင်းနေရာသို့ ရောက်လာပြီး လမ်းပိတ်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြကြောင်း ၎င်းမှဆက်ပြောသည်။

ဒါ့ပြင် အဆိုပါတိုက်ခိုက်မှုကို သပိတ်ကျင်းမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ ပ.က.ဖ၊ လျှပ်စီးပျောက်ကျား တပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ကြာညှပ် တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များဘက်မှအထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

#Ayeyarwaddy_Times