ဧရာဝတီတိုင်းမ်
(ရေး)၊ ဒီဇင်ဘာလ ၂၂ ရက်
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရေးမြို့တွင်းရှိ အောင်မေတ္တာရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်သူ ကျော်အောင် ကို ယမန်နေ့ ဒီဇင်ဘာလ ၂၁ ရက် ညနေ ၃ နာရီဝန်းကျင်တွင် R.G.F ရာမညပြောက်ကျား တပ်ခွဲ ၂ မှ ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သိရသည်။
အောင်မေတ္တာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ကျော်အောင် ကို ပြည်သူများမှ တိုင်ကြားမှုများပြားလာသဖြင့် ယမန်နေ့တွင် ရေးမြို့ အမှတ် ၃ ကျောင်းရှေ့ ၌သေနတ်ဖြင့်ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာတွင်ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း R.G.F တပ်ဖွဲ့ထံကသိရသည်။
“သူ့ကိုပြည်သူတွေကခနခနလာတိုင်ကြတယ်၊ စစ်ကောင်စီနဲ့ပေါင်းပြီးပြည်သူတွေကိုငွေညှစ်တယ်၊ မဟုတ်မမှန်သတင်းပေးပြီးတိုင်ကြားတယ်၊ ဖမ်းဆီးခိုင်းတယ်၊ အဲ့ဒီလိုအချက်တွေကြောင့် ကျွန်တော်တို့အဖွဲ့ကရှင်းလင်းခဲ့တာပါ၊ ပစ်ခတ်ပြီးနောက် ပြန်စုံစမ်းသိရှိရတဲ့အချက်အရ နေရာမှာဘဲသေဆုံးသွားတယ်လို့သိရတယ်” ဟု Ramonya Guerrilla Force အဖွဲ့တာဝန်ရှိသူမှ ဧရာဝတီတိုင်းမ်ကိုပြောသည်။
အဆိုပါ အုပ်ချုပ်ရေးမှူးသည် စစ်ကောင်စီလက်အောက်ခံများနှင့်ပူးပေါင်း၍ ငွေကြေးကောက်ခံခြင်းများ၊ ပြည်သူများအား မဟုတ်မမှန်တိုင်ကြားကား ဖမ်းဆီးခိုင်းခြင်းများကြောင့် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း R.G.F တပ်ဖွဲ့ထံကသိရသည်။
ဒါ့ပြင် ယမန်နေ့ အတွင်း၌ပင် ရာမညပြောက်ကျားအဖွဲ့ တပ်ခွဲ ၂ မှ ရေးမြို့နယ်အခြေစိုက် အမှတ် ၁၉ တပ် ဂိတ်ဝအားလက်ပစ်ဗုံးဖြင့်အနီးကပ်ပစ်ခတ်ခဲ့ရာ ဂိတ်စောင့်နေသည့်တပ်သား ၄ ဦးခန့်သေဆုံးနိုင်ကြောင်း သိရသည်။
Ramonya Guerrilla Force တပ်ဖွဲ့သည် ဒီဇင်ဘာလ ၉ ရက်နေ့တွင်လည်း စစ်ကောင်စီ ဒလန်တစ်ဦးဖြစ်သူကိုလတ်အား သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာ လက်တွင်ကျည်လေးချက်ထိမှန် ဒဏ်ရာရခဲ့ကြောင်းသိရှိရပါသည်။