ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၂၁ ရက်

လက်ရှိတွင် ကွမ်းဈေးထိုးကျနေတာကြောင့် ဧရာဝတီတိုင်းက ကွမ်းစိုက်ကွမ်းစိုက်တောင်သူတွေ အရှုံးပေါ်နေတယ်လို့ ဒေသခံတောင်သူတွေဆီက သိရပါတယ်။

ယခင်နှစ်များက ပွင့်လင်းရာသီရောက်ချိန်တွင် ကွမ်းရွက်ဈေးနှုန်းများတက်လာသော်လည်း ယခုနှစ်တွင်မူ ကွမ်းရွက်ဈေးများက တက်လာခြင်းမရှိဘဲ ဈေးပြန်လည်ထိုးကျနေသောကြောင့် ဆက်လက်လုပ်ကိုင်ရန်ခက်ခဲနေတယ်လို့ ဒေသခံတောင်သူအချို့က ပြောပါတယ်။

“အရင်က ဒီအချိန်ဆို ဈေးကတက်နေတာ ဒီနှစ်မှ ဈေးကမတက်ဘဲ ကျနေတော့ အရှုံးနဲ့ရင်ဆိုင်နေရတယ်။ အခုဈေးက ကွမ်း(အကြမ်း)နဲ့အချောက ဈေးမကွာသလောက်ဖြစ်နေတာ။ ကျတော်တို့ကွမ်းရွက်ကလည်း ပုပ်ကုန်ဆိုတော့ ရတဲ့ဈေးနဲ့ထိုးရောင်းနေရတယ်”လို့ ပန်းတနော်မြို့နယ်က ကွမ်းစိုက်တောင်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ကွမ်းခြံတစ်ခြံလျှင်(တစ်ထောင်ခြံ)ပျမ်းမျှခန့်မှန်းခြေ နှစ်သိန်းခွဲအထိရှိပြီး အလုပ်သမားစရိတ် အစာဈေးများကြောင့် ဆက်လက်စိုက်ပျိုးရန်ပင် ခက်ခဲနေတယ်လို့ မြောင်းမြမြို့နယ်က ကွမ်းစိုက်တောင်သူတစ်ဦးက ဆိုပါတယ်။

“ကျွန်တော်တို့ဘက်က ကွမ်းအချောဈေးကို လက်ရှိ ကျပ် ၃၅၀၀ ဝန်းကျင်ပဲ ပေးတော့ ဘယ်လိုရှေ့ဆက်လုပ်ကိုင်ရမလဲ။ အလုပ်သမားစာရိတ်တွေ ကွမ်းအစာကျွေးရတဲ့စာရိတ်တွေနဲ့ဘယ်လို ရှေ့ဆက်ရမလဲမသိဘူးဗျာ။ အနည်းဆုံးကွမ်းဈေးက (၇၀၀၀)ပတ်လည်ဆိုရင်တော့ အဆင်ပြေသေးတယ်။ ကျတော်တို့ ကွမ်းဈေးက ၅ထောင်အောက်ရောက်နေရင် ဘယ်လိုမှ မကိုက်တော့ဘူး”လို့ မြောင်းမြမြို့နယ်မှ ကွမ်းစိုက်တောင်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

ကွမ်းစိုက်ပျိုးခြင်းကို ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်အချို့မှ ဒေသခံများက နေအိမ်များ၌ပင် တနိုင်တပိုင်စိုက်ပျိုးကြလျှက်ရှိပါတယ်။ ကွမ်းမှာ စိုက်ပျိုးပြီး သုံးလကျော်တွင် စတင်ခူးဆွတ်လို့ရပြီး (၁၅)ရက်တစ်ပတ်တွင် ခူးဆွတ်ရောင်းလေ့ရှိကြောင်းဒေသခံများထံမှသိရပါတယ်။

#ဧရာဝတီ #ကွမ်း #တောင်သူ #အရှုံးပေါ်
#Ayeyarwaddy_Times