ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၂၁ ရက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွာငံမြိုနယ်အတွင်းရှိ X-ray စစ်ဆေးရေးဂိတ်တွင် မူးယစ်ဆေးနှင့်ဆက်စပ် ပစ္စည်းများဖမ်းဆီးရမိပြီးနောက် အဆိုပါမူးယစ်ဆေး များနှင့် သိမ်းဆည်းရမိငွေကြေးများကို သက်သေခံ ပစ္စည်းစာရင်းရေးသွင်းရာတွင် လိမ်လည်တင်ပြထားသည့် ဒုရဲမှူး နှင့် ရဲအုပ်အဆင့်ရှိ ရဲအရာရှိ ၂ ဦးကို အခြားရဲတပ်ဖွဲ့ဝင်များက ဝိုင်းဝန်းတိုင်ကြားထားကြောင်း သတင်းရရှိသည်။

အဆိုပါပစ္စည်းများမှာ အောက်တိုဘာလ ၂၆ ရက်နေ့က ဟံမြင့်မိုရ်ဘက်မှ ရွာငံဘက်သို့မောင်းနှင်လာသည့် ၁၂ ဘီးယာဉ် ၁ စီးပေါ်မှ ယင်းလမ်းပိုင်းရှိ X-ray စစ် ဆေးရေးဂိတ်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး အဆိုပါ ယာဉ်ပေါ်မှ ဆာလဖြူရစ်အက်ဆစ် ၂၀ လီတာဆန့် အပြာရောင်ပုံး ၂၁၅ ပုံး၊ Realme အမျိုးအစားဖုန်း ၁ လုံး၊ WY ပန်းရောင်မူးယစ်ဆေးပြား ၁၂၅ ပြား၊ ကျပ်ငွေ ၁၁၈ သိန်း ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ယင်းကဲ့သို့ သိမ်းဆည်းရမိပစ္စည်းများကို သက်သေ ခံပစ္စည်းစာရင်းရေးသွင်းရာတွင် အဆိုပါ X-ray စစ် ဆေးရေး ဂိတ်တာဝန်ခံ ဒုရဲမှူး ချိုနိုင်ဝင်းနှင့် ရဲအုပ် ကျော်ငြိမ်းထွန်းတို့ ၂ ဦးမှ သိမ်းဆည်းရမိပစ္စည်းများ အားလုံးကို ဖော် ပြခြင်းမရှိဘဲ ငွေကြေးနှင့် WY ဆေးပြားများအားဖော်ပြရာတွင် ငွေ ၂ သိန်းကျပ်သာ ရှာ ဖွေပုံစံဖြင့်ဖော်ပြပြီး ကျန်ငွေ သိန်း ၁၀၀ ကျော် နှင့် WY စိတ်ကြွဆေးပြား ၁၂၅ ပြားအား ကိုယ်ကျိုး အတွက်အသုံးပြုရန် ၎င်းတို့ ၂ ဦးတည်းခွဲယူသုံးစွဲထားသဖြင့် အခြားရဲများမှ ဒီဇင်ဘာလ ၁ ရက်နေ့တွင် စစ်ကောင်စီရဲချုပ်ထံ တိုင်ကြားထားခြင်းဖြစ် သည်ဟု ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ဝင်တစ်ဦးကပြော သည်။

”၁၀ လပိုင်းတုန်းက ရွာငံ X-ray ဂိတ်မှာမိတဲ့ ၁၂ ဘီးကားပေါ်က သိမ်းဆည်းရမိပိုက်ဆံနဲ့ဆေးပြားတွေကို ဖျောင်ထားတဲ့ ရှမ်းမူးယစ်က ဒုရဲမှူးနဲ့ရဲအုပ် ကို ဝိုင်းတိုင်တာ။ တိုင်စာနဲ့တိုင်ထားတာ ။ သိန်း ၁၀၀ ကျော်နဲ့ ဆေးပြားတွေကိုစာရင်းဖျောက်ပြီး ၂ ယောက်ထဲခွဲယူထားတာကို မကျေနပ်လို့ အခြားတပ်ဖွဲ့ဝင်တွေက တိုင်ကြားထားတာ”ဟု လုံခြုံရေးအရအမည်မဖော်လိုတဲ့ တာဝန်ထမ်းဆောင်ဆဲ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ဝင် တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

အဆိုပါတိုင်ကြားမှုအား နေပြည်တော်ရှိ စစ်ကောင်စီလက်အောက်ခံ ရဲချုပ်၊ ပြည်ထဲရေးဝန်ကြီး၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှူးရုံး၊ ရှမ်းပြည် နယ်ဝန်ကြီးချုပ်၊ တောင်ကြီးမြို့အခြေစိုက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ရှမ်း ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး စသည့်ရုံးများကို အခြားရဲတပ်ဖွဲ့ဝင်များမှ တိုင် စာပေးပို့တိုင်ကြားထားသော်လည်း တစ်စုံတစ်ရာအရေးယူ ဆောင်ရွက်မှုမရှိသေးကြောင်း ရှမ်းပြည် နယ်ရဲတပ်ဖွဲ့အသိုင်းအဝိုင်းထံကသိရသည်။
#Ayeyarwaddy_Times