ဧရာဝတီတိုင်းမ်
(သာယာဝတီ)၊ ဒီဇင်ဘာလ ၂၀ ရက်
ပဲခူးတိုင်း(အနောက်ခြမ်း)၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်အတွင်းတွင် ယမန်နေ့ ဒီဇင်ဘာလ ၁၉ ရက် ည ၉ နာရီခွဲအချိန်က မြို့တွင်း၌ လှည့်လည်ကင်းပတ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ နှင့်ရဲများအား သာယာဝတီဂဠုန်တပ်ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။
ရန်ကုန်-ပြည် ကားလမ်းမပေါ်ရှိ သာယာဝတီတိုးဂိတ်အနီးတွင် ကင်းလှည့်နေသည့်စစ်ကောင်တပ်သားနှင့် ရဲတပ်ဖွဲ့ဝင်များအား နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် သာယာဝတီဂဋ္ဌုန်တပ်ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှအများအပြား ဒဏ်ရာရခဲ့ပြီး သာယာဝတီဆေးရုံသို့ပို့ဆောင်ထားရကြောင်း သာယာဝတီ(ပ.က.ဖ)ထံမှ သိရသည်။
“လူနာတင်ယာဉ်နဲ့ ဆေးရုံကိုတင်သွားကြတယ်လို့သိရတယ်။ မနက်ပိုင်းမြို့ပေါ်မှာ ပိတ်ဆို့စစ်ဆေးနေတယ်။ အုပ်ကြီးတွေကိုလည်း အပြင်မထွက်ဖို့ညွှန်ကြားထားတယ်၊ အဲ့ဒီမိုင်းဆွဲတာမတိုင်ခင် သူတို့ကင်းလှည့်နေကြနေရာမှာ မိုင်းတစ်ခုဖောက်ခွဲဖို့ထားထားသေးတယ်။ ပြည်သူတွေရှိနေလို့မခွဲခဲ့ရဘဲ လူရှင်းချိန်ညမှ အသစ်ထပ်မိုင်းဆွဲခဲ့တာပါ” ဟု သာယာဝတီ(ပ.က.ဖ)အဖွဲ့တာဝန်ရှိသူမှ ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါမိုင်းဆွဲတိုက်ခိုက်မှုမတိုင်မီတွင်လည်း သာယာဝတီဂဠုန်တပ်ဖွဲ့မှ သာယာဝတီမြို့တွင်းရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်အား စစ်ကောင်စီစစ်ဆေးရေးဂိတ်အား မိုင်းဆွဲတိုက်ခိုက်ရန် မိုင်းဆင်ခဲ့သော်လည်း ပြည်သူများရှိနေ၍ ဖောက်ခွဲခြင်းမပြုဘဲထားခဲ့ရာ စစ်ကောင်စီမှတွေ့ရှိပြီး ဖောက်ခွဲရှင်းလင်းခဲ့ကြောင်းလည်း သိရသည်။
သာယာဝတီဂဠုန်တပ်ဖွဲ့မှာ နိုဝင်ဘာလ ၂၅ ရက်ကလည်း ပဲခူးတိုင်း၊ သုံးဆယ်မြို့ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးထွန်းထန်းအားရှင်းလင်းခဲ့ပြီး စစ်ကောင်စီဘက်မှ သာယာဝတီမြို့နယ်အတွင်းတွင် တိုက်ခိုက်ခံရမှုများကြောင့် မြို့တွင်းလုံခြုံရေးတင်းကြပ်ထားကြောင်းလည်း သာယာဝတီ(ပ.က.ဖ)အဖွဲ့ထံမှ သိရသည်။
ဓာတ်ပုံ – စစ်ကောင်စီဘက်မှ ဖောက်ခွဲလိုက်သည့်မိုင်းအားမြင်တွေ့ရစဥ်။
#သာယာဝတီ #စစ်ကောင်စီ #ရဲ #မိုင်းဆွဲ #ဒဏ်ရာရ
#Ayeyarwaddy_Times