ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၁၉ ရက်
ဧရာ၀တီတိုင်း၊ ပုသိမ်အကျဥ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အမျိုးသား ၈ ဦးကို ဒီဇင်ဘာလ ၁၅ ရက်နေ့က ထောင်တွင်းတရားရုံးကနေ ထောင်ဒဏ်၅နှစ်စီချမှတ်လိုက်တယ်လို့ အကျဥ်းဦးစီးဌာနနဲ့နီးစပ်သူတွေဆီကနေ သိရပါတယ်။
ထောင်ဒဏ် ၅ နှစ် အမိန့်ချမှတ်ခံရသူများဟာ ပုသိမ်မြို့ခံများဖြစ်ကြတဲ့ ကဗျာဆရာလူစစ်နိုင်(ခ) တင်ကိုထက်၊ ကိုရဲလင်းထက်(ခ)သားပု၊ ကိုထွန်းလင်းဦး ၊ ကိုချစ်စန်းမောင်၊ ကိုဇော်မင်းထွန်း(ခ)မောင်ဇော်၊ ကိုဇင်လင်းထိုက်(ခ)တွတ်နီ၊ဦးထွန်းအေး နဲ့ ငပုတောမြိုနယ်ကကိုဇော်လှိုင်ဦး(ခေါ်)မင်းမင်းတို့ဖြစ်တယ်လို့ သိရပါတယ်။
” ပုသိမ်က ၇ ယောက်၊ ငပုတောကတစ်ယောက် အဲ့ထဲမှာတစ်ယောက်က ကဗျာဆရာလူစစ်နိုင် ဆိုတာပါတယ်။ သူတို့အားလုံးကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂(က)နဲ့အမိန့်ချလိုက်တာ”လို့ အကျဥ်းဦးစီးဌာနနဲ့နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
၂၀၂၁ ခုနှစ် စက်တင်ဘာလ၁၆ရက်နေ့ ည ၁၂ နာရီအချိန်မှာစစ်ကောင်စီအင်အားအများအပြားနဲ့ပုသိမ်မြို့၊ အမှတ်(၆)ရပ်ကွက်ကုသိနာရုံအတွင်းလမ်းမှာနေထိုင်တဲ့ကဗျာဆရာလူစစ်နိုင်ရဲ့ နေအိမ်တံခါးကို ချိုးဖျက်၀င်ရောက်ကာ ဖမ်းဆီးခဲ့တာဖြစ်ပြီး တစ်နှစ်နီးပါးအကြာမှာ ခုလို ထောင်ဒဏ် ၅ နှစ် ကျခံစေဖို့ အမိန့်ချမှတ်ခဲ့တာလို့ မိသားစုနဲ့နီးစပ်သူတွေကပြောပါတယ်။
ကဗျာဆရာလူစစ်နိုင်ဟာ ပုသိမ်မြို့မှာ ဖမ်းဆီးခံရတဲ့ ဒုတိယမြောက် ကဗျာဆရာဖြစ်ပြီး သူ့အရင်ကဗျာဆရာ လူဖန်ခါး ကိုလည်း စစ်အုပ်စုကဖမ်းဆီးထားပြီး မတရားအမှုဆင်ကာ ထောင်ဒဏ်၂၅နှစ်အထိ ချမှတ်ထားတယ်လို့ ပုသိမ်မြို့ခံတွေဆီကနေသိရပါတယ်။
#ပုသိမ် #ကဗျာဆရာ #လူစစ်နိုင် #နိုင်ငံရေးအကျဥ်းသား #ထောင်ဒဏ် #ချမှတ်
#Ayeyarwaddy_Times