ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၁၈ ရက်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ မကျီးဇင်ကျေးရွာ ဒီဇင်ဘာလ ၁၅ ရက်နေ့က အသက် ၂ နှစ်အရွယ် ကလေး အဓမ္မပြုကျင့်ခံရပြီး တရားခံလို့ယူဆရသူ မြင့်ဆန်းဆိုသူကို ရဲစခန်းမှူးက ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံတွေ ဆီက သိရပါတယ်။

၂ နှစ်သမီးကို အဓမ္မပြုကျင့်သူဟု ယူဆရဝူ မြင့်ဆန်းဟာ ကလေးဖခင်ဖြစ်သူနဲ့ အရက်အတူ ထိုင်သောက်ပြီး ဖခင် ဖြစ်သူမသိအောင် ကလေးကို ခေါ်ယူသွားကာ အဓမ္မပြုကျင့်ခဲ့တာလို့ ပုသိမ်ဒေသခံတွေက ပြောပါတယ်။

“အဲ့ညက ကလေးအဖေနဲ့ မြင့်ဆန်းက အရက်အတူထိုင်သောက်တာ။ ညဉ့်နက်ပိုင်းရောက်တော့ ကလေးကို အိပ်ယာထဲက ပွေ့ပြီးခေါ်သွားတာ။ အဲ့ညကလေးကို လိုက်ရှာတာ မတွေ့တော့ဘူး။ မနက်ပိုင်းမှ ကလေးကို လမ်းကြားထဲကနေ နေအိမ်ကို ပြန်လွှတ်ပေးလိုက်တာ”လို့ မကျီးဇင်ကျေးရွာက ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

အသက် ၂ အရွယ် ကလေးကို အဓမ္မပြုကျင့်ခဲ့တယ်လို့ ယူဆရတဲ့ မြင့်ဆန်းဆိုသူကို ဒေသခံတွေက လိုက်လံရှာဖွေ ဖမ်းဆီး ချိန်မှာ ၁၆ ရက်နေ့မှာ ဖမ်းမိခဲ့ပြီး ကလေးကိုလည်း အဲ့နေ့မှာပဲ ဆေးရုံကို ပို့ဆောင်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။

တရားခံလို့ယူဆရသူ မြင့်ဆန်းဆိုသူကို ဖမ်းဆီးပြီး မကျီးဇင်ရဲကင်းစခန်းကို သွားရောက်အမှုဖွင့်ချိန်မှာ ရဲစခန်းမှူး ဒုရဲအုပ် ဆန်းထွန်းဆိုသူက ကလေးရဲ့ဖခင်ကို အမျိုးမျိုးခြိမ်းခြောက်ပြီး အမှုမဖွင့်ပေးပဲ တရားခံကို လွှတ်ပေးလိုက်တာလို့ ဒေသခံတွေက ပြောပါတယ်။

“စခန်းကိုသွားပြီး ကလေးအဖေက အမှုဖွင့်တော့ စခန်းမှူးက အမှုဖွင့်ရင် ၁၅ သိန်းလောက်ကုန်မယ်။ ပြီးတော့ လတိုင်းရုံးချိန်တက်ရမယ်ဆိုပြီး ချော့လိုက် ခြောက်လိုက်နဲ့ အမှုမဖွင့်ဖို့ပြောတယ်။ နောက်ဆုံး ကလေးအဖေက အမှုမဖွင့်ဖို့ပဲ ရွေးချယ်လိုက်ရတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒီဇင်ဘာလ ၁၈ ရက်နေ့ မနက်ပိုင်းမှာ တရားခံလို့ယူဆရသူ မြင့်ဆန်းဆိုသူကို ကားနဲ့တင်ပြီး ရဲစခန်းကနေ ပြန်လွှတ်ပေးလိုက်ပြီဖြစ်တယ်လို့ ဆိုပါတယ်။

အသက် ၂ နှစ်အရွယ် ကလေးကို အဓမ္မပြုကျင့်သူလို့ ယူဆရသူ မြင့်ဆန်းဆိုသူဟာ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ကသူနဲ့ အမျိုးတော်စပ်တာကြောင့် ခုလိုမျိုး အမှုမဖွင့်ပဲ ရဲစခန်းမှူး ဒုရဲအုပ် ဆန်းထွန်းက ပြန်လွှတ်ပေးလိုက်တာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ရဲစခန်းကနေ အသက် ၂ နှစ်အရွယ် ကလေးကိို အဓမ္မပြုကျင့်တယ်လို့ ယူဆရသူ မြင့်ဆန်းဆိုသူကို သတ်ဖို့ ဒေသခံတွေက စခန်းအပြင်ကနေ တောင်းဆိုတာကြောင့် စခန်းကနေပဲ ကားပေါ်တင်ပေးလိုက်တာလို့ ဒေသခံတွေက ပြောကပါတယ်။

#ပုသိမ် #၂နှစ်သမီး #အဓမ္မပြုကျင့် #ရဲ #စခန်းမှူး
#Ayeyarwaddy_Times