ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၁၅ ရက်

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဧရာဝတီတိုင်းမှာ နေအိမ်ဖောက်ထွင်းခံရမှုတွေ ခိုးမှုတွေဖြစ်ပွားမှုနှုန်း များပြားလာတာကြောင့် ဒေသခံအများစုဟာ နေအိမ်မှာ ခွေးမွေးတာတွေ ပိုမိုလုပ်ဆောင်လာတယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်းက ကျေးလတ်ဒေသတွေမှာ စစ်ကောင်စီက တရားဥပဒေစိုးမိုးအောင် မလုပ်ဆောင်နိုင်တာ ကြောင့် မကြာခဏဆိုသလို ဆန်စက်နဲ့ စပါးဂိုထောင်တွေဖောက်ထွင်းခံရတာရှိသလို ဒေသခံပြည်သူတွေ ရဲ့နေအိမ်တွေ မကြာခဏ ခိုးယူခံရတာကြောင့် ခွေးမွေးတာတွေ ပိုများလာတာလို့ ဒေသခံတွေက ပြောပါတယ်။

“ ခုနောက်ပိုင်း ခွေးကြီးမျိုးတွေက တော်တော်အရောင်းသွက်တယ်၊ အဓိကအရောင်းတာက အင်းခွေးမျိုးတွေ အကောင်လည်းကြီးတယ် သခင်လည်းသိတယ် ဒီကောင်ကြီးတွေက အရောင်းသွယ်တယ်” လို့ ခွေးအရောင်းဝယ်လုပ်ကိုင်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ခွေးအရောင်းအဝယ်ပိုမိုများပြားလာတာကြောင့် အရင်က အင်းခွေး ၁ ကောင်ကို ၁ နီးပါးရှိရင် စစ်အာဏာသိမ်းပြီးနောက်ပိုင်းကာလတွေမှာ အင်းခွေး ၁ ကောင်ကို ၂ သိန်းအထိ ပေါက်ဈေးရှိလာတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီလက်ထက် ကျေးလက်ဒေသတွေမှာ တရားဥပဒေစိုးမိုးမှုကျဆင်းလာတာကြောင့် ဧရာဝတီ တိုင်းအတွင်းမှာ ခိုးမှုတွေနေ့စဉ်ဆိုသလိုဖြစ်ပွားနေတာကြောင့် သူခိုးရန်ကြောက်နေရပြီး ခွေးမွေးတာတွေ လုပ်ဆောင်လာတာလို့ ဒေသခံတွေက ပြောပါတယ်။

“ ကျနော်တို့အိမ်မှာတော့ ခွေးကအရင်တုန်းက မရှိဘူး ဘေးအိမ်မှာရှိတဲ့ အဲ့တာ သူခိုးကပ်တော့ ဘေးအိမ်က ခွေးကဟောင်းလို့ အကုန်နိုးတာ သူခိုးလည်းပြေးတာပေါ့ ခုတော့ အင်းခွေးတစ်ကောင် ဝယ်မွေးထားရတယ် ဘာမှဖြစ်ဖြစ် ခွေးမွေးတာက စစ်ကောင်စီကကောင်တွေထက် အားကိုးရတယ်”လို့ ကျောင်းကုန်းမြို့ခံပြည်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီက သူခိုးတွေနဲ့ လုယက်မှုကျူးလွန်သူတွေကို ဖမ်းဆီးနိုင်ခြင်းမရှိတာဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးနိုင်ဖို့ အားစိုက်နေရတာကြောင့် ပြစ်မှုကျူးလွန်သူတွေကို ဖမ်းဆီးဖို့ တပ်ဖွဲ့ဝင်အင်အားလိုအပ်ချက်တွေကြောင့်ဖြစ်နိုင်တယ်လို့ ရဲတပ်ဖွဲ့ဝင်ဟောင်းတွေက သုံးသပ်ပြောဆိုပါတယ်။

#ဧရာဝတီ #စစ်ကောင်စီ #နေအိမ် #ဖောက်ထွင်း #ခွေး
#Ayeyarwaddy_Times