ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၁၄ ရက်
စစ်ကိုင်းတိုင်း၊ယင်းမာပင်ခရိုင်၊ဆားလင်းကြီးမြို့ နယ် မြောက်ခြမ်းရှိ ရွာ ၇ ရွာကို ယနေ့ ဒီဇင်ဘာလ ၁၄ ရက် မနက် ၂ နာရီခွဲအချိန်မှစ၍ စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးလာသောကြောင့် ဒေသခံများထွက်ပြေးတိမ်းရှောင်နေရကြောင်းဒေသခံများထံကသိရသည်။
“၁၃ရက်နေ့ ညနေလောက်ကနေပြီး ဂုဏ်တော၊ဒုန်းတောရွာတွေတဝိုက်မှာ မွှေနှောက်ပြီးပစ္စည်းတွေယူနေတာ၊မနေ့ညလည်းအဲ့မှာတပ်စွဲထားတာ။ ဒီနေ့ မနက် ၂ နာရီခွဲလောက်မှာ နမခ ကနေထွက်လာတဲ့ စစ်ခွေးတွေက ချင်းတွင်းမြစ်ကမ်းကတပ်ကြိုးကုန်းမှာရှိတဲ့အင်အားအကုန်လုံးနဲ့ပေါင်းပြီးမြောက်ယမား တံတားဆီကိုဦးတည်ပြီးစစ်ကြောင်းထိုးလာတယ်။ မနက်၄ နာရီခွဲကျတော့ ကျေးစာကျရွာကစပြီး အနီး အနားက ရွာ ၇ ရွာ ကို ဝင်ရောက်မွှေနောက်လုယက်ပြီး နေ့လည် တစ်နာရီလောက်မှာ ပြန်ထွက်သွားကြတယ်”ဟု ယင်းမာပင်-ဆားလင်းကြီးရွာပေါင်းစုံသပိတ်ကော်မတီဝင် ကိုသက်ဦးကဧရာဝတီတိုင်းမ်ကိုပြောသည်။
ဝင်ရောက်မွှေနှောက်ခံရသည့်ကျေးရွာ များမှာ ယင်းမာပင်အရှေ့ခြမ်း မြရွှေစည်၊ဘိန်းမနွယ်ချောင် ၊ကျေးစာကျရွာများ နှင့် ဆားလင်းကြီးမြောက်ခြမ်း ဂုဏ်တော၊ဒုန်းတော၊ကံကုန်း၊ဖောင်းကာတို့ဖြစ်ပြီးအဆိုပါ ရွာများအပြင် စစ်ကောင်စီစစ်ကြောင်းဝင်ရောက်မည်ကို ကြောက်ရွံ့၍ အနီးဝန်းကျင်ရှိများပါထွက်ပြေးနေရပြီး ရွာပေါင်း ၁၂ ရွာမှ ဒေသခံ ၁ သောင်းကျော်ထွက်ပြေးနေရကြောင်း သိရသည်။
“စစ်ဘေးရှောင်နေရတော့ စား၀တ်နေရေးအခက် အခဲတွေကြုံတွေ့နေရတာပေါ့။ကျွန်တော်တို့နယ် ဘက်တွေကတော့စစ်ကောင်စီကိုခုခံတာတွေဘာမှရှိတာမဟုတ်ဘူး။ စစ်ကြောင်းတွေကရွာတွေကိုဝင်တာနဲ့ဆန်၊ဆီ၊ဆား ကအစအကုန်ယူတာ။ ကျွန်တော်တို့ရွာကျတော့ သူတို့လာတယ်ဆိုတော့ပြေးရင်းကနေ ဆိုင်ကယ်နှစ်စီးကျန်ခဲ့တာသူတို့ယူသွားတာ တစ် စီးကတော့ နိုးမရလို့ ပစ်ထားခဲ့တယ်။လောလော ဆယ်တော့ မပြန်ရဲသေးဘူး၊ဘေးလွတ်ရာကိုပြေးနေရတယ်။ လက်လုပ်လက်စား ကျပန်းအလုပ်လေးလုပ်ပြီး စားဝတ်နေရေးဖြေရှင်းနေရတာ။ စိုက်ပျိုး နေတဲ့သူတွေလည်း တောထဲမှာလုပ်ငန်းတွေ ပစ် ထားခဲ့ပြီး အသက်ဘေးကလွတ်အောင်ပြေးလာရတယ်”ဟု စစ်ကြောင်းထိုးခံရသည့် ကံကုန်းရွာမှ အမည်မဖော်လိုသူဒေသခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကိုပြောသည်။
စစ်ကောင်စီ စစ်ကြောင်းထိုးမှုကြောင့် ရွာ ၁၂ ရွာမှ ထွက်ပြေးနေရသူ စစ်ရှောင်ဒေသခံပြည်သူ ၁၂၀၀၀ ခန့်ရှိပြီး ဘုန်းကြီးကျောင်းများနှင့် နီးစပ်ရာ ဘေးလွတ်သည့် ကျေးရွာများတွင်ခိုလှုံနေရကြောင်း သိရသည်။
ဆားလင်းကြီးမြို့နယ်အတွင်းလက်ပံတောင်းတောင် ကြေးနီးစီမံကိန်အနီး ကျေးရွာများကို စစ်ကောင်စီတပ်ကအကြိမ်ကြိမ်စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်နှင့်ပစ္စည်းများမီးရှို့ခြင်း၊ ဒေသခံများအား ဖမ်းဆီးသတ်ဖြတ်ခြင်းများမကြာခဏလုပ်ဆောင်နေကြောင်းဒေသခံများထံကသိရသည်။
ဓာတ်ပုံ – ပြည်သူမှပြည်သူသို့စစ်ရှောင်ကူညီရေးအဖွဲ့။
#ဆားလင်းကြီး #လက်ပံတောင်းတောင် #ကျေးရွာများ #စစ်ကြောင်းထိုး #ဒေသခံ #၁၂၀၀၀ #ထွက်ပြေးနေရ #AyeyarwaddyTimes