ဧရာဝတီတိုင်းမ်
(ဒီပဲယင်း) ၊ ဒီဇင်ဘာလ ၁၄ ရက်
စစ်ကိုင်းတိုင်း ၊ ရေဦးခရိုင် ၊ ဒီပဲယင်းမြို့နယ်အတွင်း၌စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးပြီး မီးရှို့ဖျက်ဆီးခံကြရသည့် ကျေးရွာများကို အများပြည်သူများ၏ ကူညီထောက်ပံ့မှုဖြင့် မီးဘေးသင့်ပြန်လည်ထူထောင်ရေးကို ဒီပဲယင်းညီနောင်များအဖွဲ့မှ ဒုတိယအကြိမ်အဖြစ် သွားရောက်ကူညီခဲ့ကြောင်း သိရသည်။
ဒုတိယအကြိမ် ထောက်ပံကူညီမှုအား ဒီဇင်ဘာလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၁၂ ရက်နေ့အထိ ထပ်မံမီးရှို့ခံရသည့် ကျေးရွာ (၁၉) ရွာမှ ဘုန်ကြီးကျောင်း ၄ ကျောင်းနှင့် နေအိမ်ပေါင်း ၁၆၀၀ ကျော်အား ဆန်နှင့် ဆီများ သွားရောက်ကူညီပေးခဲ့ကြောင်း ဒီပဲယင်းညီနောင်များထံမှသိရသည်။
” လက်ရှိမီးဘေးသင့်အခြေအနေနဲ့ဆိုရင် ပြည်သူတွေ ရပ်တည်ရေးက ဒီ ၂ ရက် ၃ ရက်ပြီးရင် ပိုခက်ခဲနိုင်တာမို့ ပြည်သူများရပ်တည်ရေးအတွက် လူသားချင်းစာနာမှု အကူအညီတွေလိုအပ်နေပါတယ်။အများပြည်သူတွေရဲ့ ထောက်ပံ့လှူဒါန်းမှုတွေကို အရင် ၃၂ ရွာကူညီမှုနဲ့ အခုလက်ရှိ ၁၉ ရွာကို ကူညီနိုင်ရေး ပြင်ဆင်နေပါတယ်။လက်ရှိအထိ ဆန်အပိုင်း ၁၂၀(တင်းရေ-၁၈၀)နဲ့ ဆီ ပိဿာ ၃၀ ကူညီထောက်ပံ့ထားပါတယ် “ဟု ဒီပဲယင်းညီနောင်များအဖွဲ့က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဒီပဲယင်းမြို့နယ် မီးဘေးသင့်ပြန်လည်ထူထောင်ရေးကို ပထအကြိမ်အဖြစ် ယခုနှစ် ဇန်နဝါရီလမှစတင်ကာ အောက်တိုဘာလအထိ ကျေးရွာပေါင်း ၃၂ ရွာရှိ မီးဘေးသင့် အိမ်ပေါင်း ၁၅၀၀ ခန့်ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)မှ ထောက်ပံ့သည့် ကျပ်သိန်းပေါင်း-၃၇၄၁၄၇၅၄ကျပ်(ကျပ်သိန်းပေါင်း သုံးရာ့ခုနစ်ဆယ် လေးသိန်းတစ်သောင်းလေးထောင့်ခုနှစ်ရာ ငါးဆယ့်လေးကျပ်)တိတိကို မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပ-အ-ဖ)နှင့် မြို့နယ်လူမှုကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးအဖွဲ့တို့မှတဆင့် ထောက်ပံ့ခဲ့ပြီး မီးဘေးသင့်အိမ်ထောင်စုပေါင်း ၁၅၀၀ခန့်ကို သွားရောက်ကူညီနိုင်ခဲ့ကြောင်း ဒီပဲယင်းညီနောင်များထံမှ သိရသည်။
စစ်ကိုင်းတိုင်း၊ဒီပဲယင်းမြို့နယ်တွင်၂၀၂၂ခုနှစ်အတွင်း စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးကာ နေအိမ်ပေါင်း ၃၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရပြီး မီးဘေးသင့်ပြန်လည် ထူထောင်ရေးအဖြစ် နေစရာနေအိမ်များတည်ဆောက်ခြင်း၊မီးဘေးသင့်ပြည်သူများအတွက် စားနပ်ရိက္ခာ၊အဝတ်အထည်နှင့် ဆေးဝါးများ ကူညီထောက်ပံ့ပေးရန် လိုအပ်နေသေးကြောင်း သိရသည်။
ဓာတ်ပုံ – ဒီပဲယင်းညီနောင်များအဖွဲ့
#Ayeyarwaddy_Times