ဟိန်းစံ / ဧရာဝတီတိုင်းမ်
(နေပြည်တော်)၊ ဒီဇင်ဘာလ ၁၁ ရက်
စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ ဘောဂသီရိကားဝန်းအတွင်းရှိ စစ်တပ်ပိုင်တော်ဝင်ကားဂိတ်တွင် ယမန်နေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့လည်ပိုင်းက တန်ဆာပါဆယ်ပုံးအတွင်းမှ ဗုံး ၅ လုံး တွေ့ရှိခဲ့ကြောင်း ဒေသခံများထံကသိရသည်။
တစ်လကျော်ကြာအထိလာရောက် မရွေးယူသည့် တန်ဆာ ပါဆယ်ပုံးအား ယင်းကားဂိတ်ဝန်ထမ်းများမှ ဖွင့်ဖောက်စစ်ဆေးရာမှ ဗုံးများတွေ့ရှိခြင်းဖြစ်ကာ အဆိုပါဗုံးများအား စစ်ကောင်စီတပ်များမှ လာရောက်၍ ဖောက်ခွဲဖျက်ဆီးခဲ့သည်ဟုဆိုသည်။
”တော်ဝင်ဂိတ်မှာတွေ့တာပါ။ အဲ့ဒီပါဆယ်ဗုံးက လာမရွေးတာ ၁လကျော်လောက်ရှိပြီလို့သိရတယ်။ပါဆယ်ရောက် လာခါစက ဘောဂသီရိကနေ မြို့မဈေးကိုလွှဲခိုင်းသေးတယ်တဲ့။ မြို့မဈေးမှာလည်း လာမရွေးတော့ ဘောဂသီရိကိုပြန်ပို့တာ။ နောက်ကျ လာရွေးဖို့ ဖုန်းဆက်တာလည်းမရလို့ မသင်္ကာတာနဲ့ဖွင့်ကြည့်တာ ဗုံးတွေ တွေ့တာ။ ညနေလောက်မှာဘဲ တပ်ကရောက်လာပြီး ကားဝန်းထဲမှာဘဲ မိုင်းခွဲဖျက်ဆီးပစ်လိုက်တယ်” ဟု ဘောဂသီရိကားဝန်းအတွင်းရှိ နေပြည်တော်အခြေပြု ယာဉ်လိုင်းတာဝန်ခံတစ်ဦးက ဧရာဝတီတိုင်းမ် ကိုပြောသည်။
အဆိုပါ တန်ဆာပါဆယ်ဗုံးတွေ့ရှိပြီးနောက် ယနေ့တွင် နေပြည်တော်သို့ဝင်ရောက်သည့်် ယာဉ်များကိုစစ်ဆေးမှုများကိုပိုမိုစစ်ဆေးမှုများပြုလုပ်နေပြီး လုံခြုံရေးတင်းကြပ်ကာ ယာဉ်လိုင်းဂိတ်များအနေဖြင့် ၂ ရက်အတွင်းလာရောက်မရွေးယူသည့်တန်ဆာပစ္စည်းများအား စစ်ကောင်စီထံအကြောင်းကြားရမည်ဖြစ်သည်ဟုဆိုသည်။
”အဲ့ဒီတန်ဆာပါဆယ်ဗုံးတွေ့တာနဲ့ ဒီနေ့ နေပြည်တော်အဝင်ဂိတ်တွေမှာ လုံခြုံရေးတင်းကြပ်ပြီး စစ်တာဆေးတာတွေတအားလုပ်နေတယ်။ နောက် မနေ့က စည်ပင်နဲ့ မထသနဲ့ ယာဉ်လိုင်းတွေနဲ့အစည်းအဝေးလုပ်ပြီးတော့ ။ နောက်ပိုင်းတန်ဆာတွေ ၂ ရက်အတွင်းလာမရွေးရင် သူတို့(စစ်ကောင်စီ)ကိုအကြောင်းကြားရမယ်လို့ပြောတယ် ” ဟု ၎င်းကဆက်လက်ပြောသည်။
တော်ဝင်၊ရွှေမန်းသူ၊ရှမ်းမလေး၊ရွှေမြိုင်သူ စသည့် ယာဉ်လိုင်းများသည် စစ်ကောင်စီတပ်လက်အောက်ခံ ဦးပိုင် ၊စစ်မှုထမ်းဟောင်းအဖွဲ့မှ တည်ထောင် ထားသည့် ယာဉ်လိုင်း များဖြစ်ပြီး အဆိုပါဂိတ်ဝန်ထမ်းအများစုမှာလည်း စစ်တပ်အငြိမ်းစားများနှင့် စစ်တပ်မိသားစုဝင်များများ ပြားကြောင်း အဝေးပြေးယာဉ်လိုင်းအသိုင်းအဝိုင်း ထံကသိရသည်။
ဓာတ်ပုံ – နေပြည်တော် တော်ဝင်ကားဂိတ်။
#နေပြည်တော် #ပျဥ်းမနား #ဘောဂသီရိ #ကားဝန်း #ပါဆယ်ပုံး #ဗုံးတွေ့ #Ayeyarwaddy_Times