ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊ဒီဇင်ဘာလ ၁၁ ရက်

တနင်္သာရီတိုင်း၊ထားဝယ်ခရိုင်၊ရေဖြူမြို့နယ်၊ကလိန်အောင်ရဲစခန်းမှ နယ်ထိန်း ရဲတပ်ကြပ်ကြီး ၁ ဦး၏ နေ အိမ်ကို ယမန်နေ့ ဒီဇင်ဘာလ ၁၀ ရက် ည ၇ နာရီဝန်းကျင်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း SPRING DHAMNA PDF အဖွဲ့ထံကသိရသည်။

ကလိန်အောင်မြို့ရဲစခန်းမှ နယ်ထိန်းရဲ ရဲတပ်ကြပ်ကြပ်ကြီး ရဲဝင်းထွန်း၏ အမှတ် ၂ ရပ်ကွက်ရှိ နေအိမ်အား ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နေအိမ်အတွင်းရှိ အဆို ပါနယ်ထိန်းရဲ၏လုပ်ဖော်ကိုင်ဘက် ၁ ဦးထိမှန်ခဲ့ကာ နေအိမ်နှင့်ကားများထိခိုက်ပျက်ဆီးခဲ့ကြောင်းသိရသည်။

“ကျနော်တို့ ဝင်ရောက်ပစ်ခတ်တဲ့အချိန်မှာ ရဲဝင်းထွန်းက အပြင်သွားနေလို့ သူ့ကိုမထိလိုက်ဘူး။သူနဲ့ လုပ်ဖော် ကိုင်ဖက် တစ်ယောက်တော့ ခုံပေါ်မှာထိုင်နေတာ။ ပစ်လိုက်တဲ့အချိန် ကျည်မှန်ပြီး ထိုင်ရာကနေပြီး မှောက်ခုံကျသွားတယ်။ပြီးတော့ပြည်သူတွေဆီက မတရားအနိုင်ကျင့်ပြီး ငွေတွေနဲ့ယူပြီးဆောက်ထားတဲ့ သူ့ရဲ့တိုက်အိမ် နဲ့ကား ကို အချက်ပေါင်းများစွာ ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ”ဟု Spring Dhamna ပြည်သူ့ကာကွယ်ရေးတပ် ပြန်ကြားရေးတာဝန်ခံ လင်းယုန်မှ ဧရာဝတီတိုင်းမ်ကို ပြောသည်။

ရဲတပ်ကြပ်ကြီး ရဲဝင်းထွန်းသည် ကလိန်အောင်နယ်အတွင်း စစ်ကောင်စီ၏အဓိကထောက်တိုင်အဖြစ်ရပ် တည်နေရုံမကဘဲ မူးယစ်ဆေးဝါးများကိုယ်တိုင်ရောင်းချခြင်း၊ အခြားရောင်းချသူများကိုလည်း လိုင်းကြေးယူခွင့်ပြုခြင်းများလုပ်ဆောင်သူဖြစ်သည်ဟုဆိုသည်။

”သူတို့( ရဲဝင်းထွန်း)မိသားစုက အရင်က သူတို့ရဲ့ နေအိမ်မှာဘဲနေတယ်။ အင်းပြားရပ်ကွက်ထဲက သတင်းပေးဒလန် မိသားစု ၄ ယောက်ပစ်သတ်ခံရပြီးထဲက အိမ်မှာမနေရဲတော့ဘဲ သူတို့မိသားစုတွေ ရဲစခန်းဝန်းထဲမှာ သွားအိပ်ကြတာ။ ပြီးတော့သူက ကလိန်အောင်မြို့မှာ အရမ်းဆိုးတဲ့ ရဲ ၊ မူးယစ်ဆေးဝါးတွေလည်း ကိုယ်တိုင်ရောင်းတယ်။တစ်ခြားသူတွေကိုလည်းသူရောင်းခွင့်ပြုတယ်။ရောင်းနေတဲ့သူတွေကလည်း သူ့ကို လစဥ်ကြေးသွင်းရတယ်” ဟု ၎င်း ကဆက်လက်ပြောသည်။

ပစ်ခတ်မှုအတွင်း သေနတ်ထိမှန်ခဲ့သည့် ရဲဝင်းထွန်း ၏ လုပ်ဖော်ကိုင်ဖက်ဆိုသူအား ဒဏ်ရာပြင်းထန်သဖြင့် ကလိန်အောင်ဆေးရုံမှတဆင့် ထားဝယ်မြို့ဆေးရုံသို့ ည တွင်းချင်းပို့ဆောင်လိုက်ကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာလာနိုင်ခဲ့ကြောင်း PDF တပ်ဖွဲ့ ဝင်များထံမှ သိရပါသည်။

ဓာတ်ပုံ – ကလိန်အောင်ရဲစခန်း မှ နယ်ထိန်းရဲ ရဲတပ် ကြပ်ကြီး ရဲဝင်းထွန်