ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊ဒီဇင်ဘာလ ၁၀ ရက်
တနင်္သာရီတိုင်း၊ပုလောမြို့နယ်၊ ပလမြို့ရဲ့ ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မနေ့က ဒီဇင်ဘာလ ၉ ရက်နေ့ မနက်ပိုင်းမှာ ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
မနေ့က ဒီဇင်ဘာလ ၉ ရက်နေ့ မနက် ၁၀ နာရီခွဲလောက်မှာ ဝင်ရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ၁၅ မိနစ်ခန့်ဖြစ်ပွားခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်သားတစ်ဦးက ဆိုပါသည်။
” ပလမြို့ ရဲစခန်းမှူးက PDF တွေပလမြို့နယ်ထဲကို
မဝင်နိုင်ဘူးလို့ ပြောထားတယ်။အဲဒါကြောင့် အခုလို အခွင့်ကောင်းကိုစောင့်ပြီး ဝင်ရောက်ပစ်ခတ်ခဲ့တာပါ။အခုတော့ ဝင်နိုင်လား မဝင်နိုင်ဘူး လားဆိုတာ။ လက်တွေ့ပြလိုက်တော့စခန်းမှူး သိသွားပြီ ပေါ့”ဟု ပုလောမြို့နယ် PDF တပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါသည်။
အဆိုပါတိုက်ခိုက်မှုတွေအတွင်းမှာ စစ်ကောင်စီတပ်နဲ့ ရဲတွေဖက်က ၂ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ရှိပေမဲ့ အသေးစိတ်ကိုတော့ မသိရသေးပါဘူးလို့ သူက ဆိုပါတယ်။
ပစ်ခတ်မှု ဖြစ်ပွားပြီး နာရီပိုင်းအကြာမှာပဲ စစ်ကောင်စီတပ်သားတွေ ရောက်ရှိလာပြီး ပလမြို့ ရဲ့ အဝင်အထွက် နေရာတွေမှာ လုံခြုံရေးများချကာ လမ်းသွားလမ်းလာ ပြည်သူများကို စစ်ဆေးမှုတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
“မနေ့ကမနက်ပိုင်းကစပြီး ပုလောမြို့ပေါ်နဲ့ စစ်ကောင်စီလုံခြုံရေးစခန်းတွေရှိတဲ့ တစ်မိုင်တောင်၊ နန်းတောင်၊ ပုလောကုန်းနေရာတွေအပြင် ပဝတ်ကုန်းစခန်း၊ မကျည်းကုန်းစခန်းဂိတ် နဲ့ တိုရွာကစစ်ကောင်စီစခန်းချရာနေရာတွေကို မိကျောင်းစစ်ကြောင်းနဲ့ မဟာမိတ်တပ်ပေါင်းစုတွေက ဆက်တိုက် တိုက်ခိုက်ခဲ့ပါတယ်” လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
မိကျောင်းစစ်ကြောင်းကတော့ စစ်ကောင်စီဘက်ကအခိုင်အမာတည်ဆောက်ထားတဲ့ လက်နက်ကုန်းနဲ့စခန်းကုန်းတွေ အင်အားချိနဲ့သွားတဲ့အထိ တိုက်ခိုက်နိုင်ခဲ့ တယ်လို့ သိရပါတယ်။
အဆိုပါ တိုက်ခိုက်မှု ကို မိကျောင်း ပြည်သူ့ကာကွယ်ရေးစစ်ကြောင်း နဲ့မဟာမိတ်တပ်ပေါင်းစုတွေဖက်မှ ပြုလုပ်ခဲ့တာဖြစ်ပြီး တပ်ဖွဲ့ဝင်များအနေနဲ့ ည ၁၁ နာရီခန့်အချိန်တွင်ထိခိုက်မှုမရှိပဲ အောင်မြင်စွာ ဆုတ်ခွာလာနိုင် ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။