အိဏ်လင်းအိမ်/ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၁၀ ရက်

မကွေးတိုင်း ပေါက်မြို့နယ် အတွင်း စစ်ကောင်စီ တပ်များက ဒီဇင်ဘာလ ၇ ရက်နေ့မှ စတင်ကာ ယနေ့အထိ စစ်ကြောင်း ထိုးနေမှုကြောင့် ဒေသခံ ၅၀၀၀ နီးပါး ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီ တပ်များက ကျေးရွာများကို အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခြင်းနှင့် အပြစ်မဲ့ ပြည်သူများအား ဖမ်းဆီး သတ်ဖြတ်ခြင်း တို့ကိုလည်း ပြုလုပ်သည်ဟု ဆိုသည်။

စစ်ကြောင်း ထိုးနေသော စစ်ကောင်စီတပ် နှင့် ပျူစောထီး ပူးပေါင်းအဖွဲ့မှ ဒီဇင်ဘာလ ၇ ရက်နေ့မှ စတင်ကာ ၉ ရက်နေ့ အထိ ပေါက်မြို့နယ် တောင်ပိုင်းရှိ ခင်တန်းရှည်ရွာ၊ ကျားသိုက် ကျေးရွာ၊ လယ်လန်းကျေးရွာ၊ သရဖီကျေးရွာ နှင့် ရွာသာအေး ကျေးရွာတို့ကို ဆက်တိုက် မီးရှိုခဲ့ပြီး တောင်ချို ရွာဟောင်းရှိ စစ်ရှောင်ပြည်သူများ၏ တဲ ၂ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း Successful Force-Pauk တော်လှန်ရေး တပ်ဖွဲ့က ပြောသည်။

စစ်ကြောင်းက အင်အား ၁၀၀ လောက်ရှိတယ်။ ဖြစ်နိုင်တာကတော့ တပ်မ (၁၀၁)၊ ကပစ (၂၄) နဲ့ ပျူစောထီး အဖွဲ့တွေ ပေါင်းထားတဲ့ စစ်ကြောင်းပေါ့။ မနေ့ညက ပေါက်တောင်ပိုင်းက ပန်းတော်ကန် ကျေးရွာမှာ သူတို့နားတယ်။ အခုမနက် ကျားပစ်ကန် ကျေးရွာကို ဒီကောင်တွေ ရောက်နေတယ်။ စစ်ကြောင်းထိုးတဲ့ ရွာစဉ်အလိုက်တော့ မီးရှို့ဖျက်ဆီးလာတာ ပါပဲဟု Successful Force-Pauk တော်လှန်ရေး တပ်ဖွဲ့၏ ပြန်ကြားရေး တာဝန်ခံ ကိုလိပ်ပြာက ဧရာဝတီတိုင်းမ်ကို ပြောပြသည်။

ပေါက်မြို့မှ ထွက်လာသော အင်အား ၁၀၀ ခန့်ရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့ ပူးပေါင်းစစ်ကြောင်းသည် ဒီဇင်ဘာလ ၇ ရက်နေ့၌ ကျားသိုက်ရွာကို ဝင်ရောက် မီးရှို့ခဲ့ပြီး အသက် ၃၂ နှစ် ဝန်းကျင်ရှိ ဦးမျိုးသူ ဆိုသူနှင့် အသက် ၅၀ ဝန်းကျင်ရှိ ဦးအောင်စိုး ဆိုသူ ၂ ဦးအား အကြောင်းမဲ့ သတ်ဖြတ်ခဲ့သည်ဟုလည်း ဆိုသည်။

အဆိုပါနေ့ ညနေပိုင်းတွင်လည်း လယ်လန်းကျေးရွာသို့ ဆက်လက် ဝင်ရောက်ကာ ညလုံးပေါက် မီးရှို့ဖျက်ဆီးခဲ့ပြီး ဒီဇင်ဘာလ ၈ ရက် နောက်တစ်နေ့ နံနက်တွင် သရဖီရွာ နှင့် ရွာသာအေး ရွာတို့ကို ထပ်မံဝင်ရောက် မီးရှို့ဖျက်ဆီးကာ သရဖီရွာနေ အသက် ၅၀ ဝန်းကျင် ဒေါ်တင်နု ဆိုသူကိုလည်း အကြောင်းမဲ့ သတ်ဖြတ်သွားခဲ့ကြောင်း သိရသည်။

ထို့နောက် ခင်တန်းရှည်ကျေးရွာ နှင့် တောင်ချိုရွာဟောင်းရှိ စစ်ဘေးရှောင် ပြည်သူများနေထိုင်သော တဲ ၂ လုံးကိုလည်း ဒီဇင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်းက မီးရှို့ ဖျက်ဆီးခဲ့သည်ဟုလည်း ဆိုသည်။

ထိုကဲ့သို့ မီးရှို့ဖျက်ဆီးမများှုကြောင့် ခင်တန်းရှည်ရွာ၊ ကျားသိုက်ရွာ၊ လယ်လန်းရွာ၊ သရဖီရွာ နှင့် ရွာသာအေး ကျေးရွာ စသည့် ကျေးရွာ ၅ ရွာမှ နေအိမ် စုစုပေါင်း ၅၀၀ ဝန်းကျင် မီးလောင်ပျက်စီးခဲ့ပြီး ဒေသခံပြည်သူ ၅၀၀၀ ခန့်မှာလည်း ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း Successful Force-Pauk တော်လှန်ရေး တပ်ဖွဲ့က ပြောသည်။

စစ်ဘေးရှောင်တွေကိုတော့ စစ်ကြောင်းနဲ့ လွတ်တဲ့ ကျေးရွာတချို့နဲ့ ဒေသ ကာကွယ်ရေး တပ်ဖွဲ့တွေ့က ကူညီ စောင့်ရှောက် နေရတယ်။ ဆေးဝါး နဲ့ စားနပ်ရိက္ခာ တကယ်ကို အရေးတကြီး လိုအပ်နေပါတယ်။ တတ်နိုင်တဲ့ အဖွဲ့ အစည်းတွေ၊ အလှူရှင်တွေက ဝိုင်းဝန်း လှူဒါန်းပေးကြပါလို့ ကျွန်တော်တို့ ဒေသခံ ကာကွယ်ရေး အဖွဲ့တွေ ကိုယ်စား ပန်ကြားလိုပါတယ်ဟု Successful Force-Pauk တော်လှန်ရေး တပ်ဖွဲ့၏ ပြန်ကြားရေး တာဝန်ခံ ကိုလိပ်ပြာကပြောသည်။

လက်ရှိ အချိန်အထိ စစ်ကောင်စီတပ် စစ်ကြောင်းမှာ ရွာစဉ်တလျှောက် မီးရှို့ဖျက်ဆီးပြီး ဝင်ရောက်ပစ်ခတ် နေသောကြောင့် စစ်ကြောင်းထိုးရာ အနီးဝန်းကျင်ရှိ ရွာပေါင်း ၁၀ ရွာနီးပါးမှ စစ်ရှောင် ဦးရေ ၅၀၀၀ နီးပါး ဘေးလွတ်ရာသို့ ထွက်ပြေး ရှောင်တိမ်းနေရဆဲ ဖြစ်ကြောင်းလည်း သတင်း ရရှိသည်။
#Ayeyarwaddy_Times