ညီညီမင်း/ဧရာဝတီတိုင်းမ်
ပုသိမ်၊ ဇူလ်ိုင် ၄ ရက်
ဧရာဝတီတိုင်း၊ပုသိမ်အကျဉ်းထောင်မှာ မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားများအနက် စိန်တောင်ကျေးရွာ မိုင်တဲတာဝါတိုင်ကို ဗုံးခွဲတယ်ဆိုပြီး စွပ်စွဲဖမ်းဆီးထားတဲ့အမျိုးသား ၃ ဦးကို ဇူလိူင်လ ၁ ရက်နေ့ ထောင်တွင်း တရားရုံးက ထောင်ဒဏ် ဆယ်နှစ်စီ ချမှတ်လိုက်တယ်လို့ ပုသိမ်အကျဥ်းဦးစီးဌာနနှင့် နီးစပ်သူတစ်ဦးကနေသိရပါတယ်။
“အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(စျ)နဲ့၁၀နှစ်စီချလိုက်တာ။ သူတို့က ဒေသခံရွာသားတွေ။ အဲ့မိုင်တဲတာဝါဖောက်ခွဲတာမှာ ပါတယ်ဆိုပြီး ၃ယောက်မှာ ၂ယောက်ကသားအဖတွေ “လို့ ပုသိမ်အကျဥ်းဦးစီးဌာနနှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ထောင်ဒဏ် ချမှတ်ခံရသူတွေဟာ ဦးမြင့်အောင်၊ ကိုဇာနည်အောင်နဲ့ ကိုရဲဟိန်းတို့ ဖြစ်ကြပြီး။ ဦးမြင့်အောင်နဲ့ ကိုဇာနည်အောင်တို့က သားအဖတွေဖြစ်တယ်လို့ ရှေ့နေအသိုင်းအဝိုင်းနှင့်နီးစပ်သူတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့နှစ် ၂၀၂၁၊စက်တင်ဘာလ ၂၈ ရက်နေ့ ညပိုင်းက ပုသိမ်မြို့နယ်၊ စိန်တောင်ကျေးရွာက မိုင်တဲတာဝါတိုင်မိုင်းခွဲခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့၀င်တွေက သူတို့ ၃ဦး ကို စွပ်စွဲ ဖမ်းဆီးခဲ့တာလို့ မိသားစုနဲ့နီးစပ်သူတွေကပြောပါတယ်။
ပုသိမ်အကျဥ်းထောင်မှာ ပုသိမ်ခရိုင်အတွင်းမှ နိုင်ငံရေးအကျဥ်းသား အမျိုးသား ၂၇၀ နီးပါးနှင့် အမျိုးသမီး ၅၀ ဦးခန့် ရှိနေပြီး နိုင်ငံရေးအကျဥ်းသားများအနက် ထောင်တွင်းတရားရုံးမှ ထောင်ဒဏ်ချမှတ်ခြင်းကိုခံရတဲ့နိုင်ငံရေးအကျဥ်းသား ၁၀၀ကျော်အထိရှိပြီလို့ အကျဥ်းဦးစီးဌာနနဲ့နီးစပ်သူများထံကသိရပါတယ်။