ဧရာဝတီတိုင်းမ်
ဒီဇင်​ဘာလ ၃ ရက်

ဧရာဝတီတိုင်း၊ ပုသိမ်အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားများအနက် ထွေအုပ်၀န်ထမ်းအိမ်ရာ၀န်းကိုဗုံးခွဲတယ်ဆိုပြီး စွပ်စွဲဖမ်းဆီးထားတဲ့အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၁ ဦးကို နို၀င်ဘာလ ၂၉ ရက်နေ့မှာ ထောင်တွင်းတရားရုံးကနေ ထောင်ဒဏ် ၇ နှစ် ချမှတ်လိုက်​တယ်လို့ ပုသိမ်အကျဥ်းဦးစီးဌာနနှင့် နီးစပ်သူတစ်ဦးဆီကနေ သိရပါတယ်။

“ဖောက်ခွဲရေးပုဒ်မ ၃ နဲ့ အမိန့်ချလိုက်တာ။ ၃ယောက်လုံးကို ၇နှစ်စီ။ နောက်ထပ်တစ်မှု ထပ်စစ်ဖို့ကျန်သေးတယ်”လို့ပုသိမ်အကျဥ်းဦးစီးဌာနနဲ့ နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ထောင်ဒဏ် ချမှတ်ခံရသူတွေဟာ ကိုလင်းလင်းထက်၊ ကိုဖိုးဇော်(ခ)ဇော်ဇော်နဲ့ ဒေါ်သိီတာထွေးတို့ဖြစ်ကြပြီး သူတို့ ၃ ဦးစလုံးဟာ ပုသိမ်မြို့မှာနေထိုင်ကြသူတွေဖြစ်တယ်လို့ရှေ့နေအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ် ၊ မေလ ၂၂ ရက်နေ့ နေ့လည်ပိုင်းက ပုသိမ်မြို့၊ အမှတ်(၂)တံတားအဆင်းက ထွေအုပ်၀န်ထမ်းအိမ်ယာ၀န်းအတွင်းမှာ ဗုံးတစ်လုံးပေါက်ကွဲခဲ့ပြီးထိခိုက်ဒဏ်ရာရသူမရှိပဲ ပုသိမ်မြို့မှာ စစ်အာဏာသိမ်းမှုအပြီးပထမဆုံးဗုံးခွဲ တိုက်ခိုက်မှုဖြစ်စဥ်စတင်ခဲ့တာလို့
မြို့ခံတွေကပြောပါတယ်။

ပုသိမ်အကျဥ်းထောင်မှာ ပုသိမ်ခရိုင်အတွင်းမှ နိုင်ငံရေးအကျဥ်းသား အမျိုးသား ၃၀၀ နီးပါးနှင့် အမျိုးသမီး ၇၀ ဦးခန့် ရှိနေပြီး နိုင်ငံရေးအကျဥ်းသားများအနက် ထောင်တွင်းတရားရုံးမှ ထောင်ဒဏ်ချမှတ်ခြင်းကိုခံရတဲ့နိုင်ငံရေးအကျဥ်းသား ၂၀၀နီးပါးအထိရှိပြီလို့ အကျဥ်းဦးစီးဌာနနဲ့နီးစပ်သူများထံကသိရပါတယ်။

#ပုသိမ် #ထွေအုပ်အိမ်ရာ #ဗုံးပေါက်ကွဲ #စွပ်စွဲဖမ်းဆီး #ထောင်ဒဏ်
#Ayeyarwaddy_Times