နွေဦး/ဧရာဝတီတိုင်းမ်
(မအူပင်)၊ဒီဇင်ဘာလ ၁ ရက်

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ ရွှေတောင်မှော်ကျေးရွာမှာရှိတဲ့ လူမှုဂရုဏာပရဟိတရုံးကို မြို့နယ်ကြံ့ခိုင်ရေးပါတီဥက္ကဌ နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းပြီး ဖျက်သိမ်းဖယိရှားခိုင်းခဲ့လို့ နိုဝင်ဘာလ ၃၀ ရက်နေ့မှာ ဖျက်သိမ်းပေးလိုက်ရတယ်လို့ သိရပါတယ်။

မြို့နယ်ကြံ့ခိုင်ရေးပါတီဥက္ကဌက လက်မှတ်ရေးထိုးထားတဲ့ လူမှုဂရုဏာ ပရဟိတရုံး ဖယ်ရှားခိုင်းစာကို နိုဝင်ဘာလ ၂၄ ရက်နေ့မှာ လာရောက်ပေးပို့သွားတာကြောင့် ရုံးကို ဖျက်သိမ်းဖယ်ရှားပေးလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“၂၀၁၁ခုနှစ်ထဲက ပရဟိတရုံးလုပ်ခဲ့ကြတာလေ။ ခုက ကြံ့ခိုင်ရေးကပါတီဝင်တွေ ကျေးရွာက အုပ်ချုပ်မှုးတွေရယ်ပေါင်းပြီး မအူပင်မြို့နယ်က ကြံခိုင်ရေးပါတီ ဥက္ကဌ လက်မှတ်ရေးထိုးပြီး ဖျက်ခိုင်းတာ။ ခေါင်းစဥ်ကတော့ ရွေးကောက်ပွဲမတိုင်မှီ ကြံခိုင်ရေးရုံး ဆောက်လုပ်ရန်ဆိုပြီး ဖျက်သိမ်းခိုင်းတာ”လို့ ဒေသခံအမျိုးသမီး တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
ရွှေတောင်မှော်ကျေးရွာမှာ ဖွင့်လှစ်ထားတာ ၁၀ နှစ်ကျော်ကြာပြီဖြစ်တဲ့ လူမှုဂရုဏာပရဟိတရုံးဟာ ကြံ့ခိုင်ရေးပါတီပိုင် မြေနေရာပေါ်မှာ ဆောက်လုပ်ထားတယ်ဆိုပြီး ဖယ်ရှားဖျက်သိမ်းခိုင်းခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ခုလို ပရဟိတရုံး ဖျက်သိမ်းခိုင်းတာဟာ မအူပင်မြို့နယ်မှာပထမဆုံးအကြိမ်ဖြစ်ပြီး ရုံးခန်းဖျက်သိမ်းလိုက်ရတဲ့ လူမှုဂရုဏာ ပရဟိတအသင်းအနေနဲ့ လူမှုကူညီရေးလုပ်ငန်းတွေ ရပ်နားထားရတယ်လိူ့ ဒေသခံတွေက ပြောပါတယ်။

#မအူပင် #ကြံ့ခိုင်ရေးပါတီ #ရွှေတောင်မှော် #ပရဟိတရုံး #ဖျက်သိမ်းဖယ်ရှားခိုင်း
#Ayeyarwaddy_Times