ဆောင်းပါးရှင် – CDM ဆရာတစ်ဦး
ဇူလိုင်လ ၄ ရက်

လူတွေက “ခွေးတိုးပေါက်” ဆိုသည့် စကားကို သုံးကြသည်။ ကောင်းသည့် အဓိပ္ပာယ်နှင့်တော့မဟုတ်။ မကောင်းသည့် အဓိပ္ပာယ်နှင့်ဖြစ်သည်။ “ခွေးတိုးပေါက်ကဝင်သည်” ဆိုသော စကားက ပိုပြီး နာစရာ ကောင်းသည်ဟုလည်း ထင်ကြသည်။

နိုင်ငံရေးတွင် ခွေးတိုးပေါက်ကဝင်သည်

ပညာရေးတွင် ခွေးတိုးပေါက်ကဝင်သည်

ကျန်းမာရေးတွင် ခွေးတိုးပေါက်ကဝင်သည်

ကောင်းသည့်သဘော၊ ကောင်းသော အဓိပ္ပာယ်ဖြင့် သုံးကြခြင်းမဟုတ်။

ခွေးတိုးပေါက်ဆိုသည်မှာ အဘယ်နည်း။

ယခုအခါတွင် ယုံကြည်မှုအရ တိုက်ပွဲဝင်နေသူတွေ များစွာရှိသည်။ သူတို့သည် မိမိယုံကြည်မှုကြောင့် စွန့်လွှတ်ရမှုများ၊ နစ်နာမှုများ၊ ပေးဆပ်ရမှုများစွာ ရှိနေကြသော်လည်း အခက်အခဲတွေကို ရင်ဆိုင်ပြီး ယုံကြည်ချက်ဖြင့်ပင် ဆက်လက်ရှင်သန်နိုင်အောင် ကြိုးစားနေကြသည်။ လေးစားထိုက်သော၊ ဂုဏ်ပြုထိုက်သော သူရဲကောင်းစိတ်ဓာတ်ပိုင်ရှင်များပင်။

ထိုသူတို့က မိမိတို့မနှစ်သက်သူ၏ လက်အောက်တွင် အမှုမထမ်းနိုင်၊ တာဝန်မထမ်းနိုင်ဆိုကာ ဆန့်ကျင် နေကြချိန်တွင် သူတို့နေရာကို အတင်းအဓမ္မနေရာဝင်ယူကာ မရှက်မကြောက် ဝင်လာသူတွေကိုလည်း ခွေးတိုးပေါက်က ဝင်လာသူများအဖြစ် ဆိုကြပါသည်။

အလုပ်တိုင်းနေရာတိုင်းကို အစားထိုး၍ ရပါသလား။ အစားထိုးလိုက်သောကြောင့် လူပြည့်သွားလျှင် ထိုလုပ်ငန်းစဉ်ကြီး တစ်ခုလုံးသည် အဆင်ပြေစွာ လည်ပတ်နိုင်မည်၊ အဆင့်အတန်းရှိစွာ လည်ပတ်နိုင်မည် ထင်ပါသလား။

သောမတ်စ် အယ်ဒီဆင်ကပြောဖူးသည်။

“There is no substitute for hard work”

ထိုစကားလေးက အရိုးရှင်းဆုံးဖြစ်မည်ထင်သည်။ ခက်ခဲသည့် အလုပ်တိုင်းကို အစားထိုး၍ ရမည်ဟု ထင်လျှင် မှားမည်သာဖြစ်သည်။ အလုပ်တိုင်းမလွယ်ပါ။ ဆရာဝန်အလုပ်မလွယ်ပါ။ ကျောင်းဆရာအလုပ် လည်း မလွယ်ပါ။ နိုင်ငံအုပ်ချုပ်ရေး မလွယ်ပါ။ မည်သည့်အလုပ်ဖြစ်စေ လွယ်သည်ဟုထင်ကာ အစားထိုး၍ ရနိုင်သည် ထင်သူများသာ အပေါစားဦးနှောက်နှင့် လူလုပ်နေသူများဖြစ်ပါလိမ့်မည်။

“ခွေးတိုးပေါက်” စကားကို ဆက်ပါဦးမည်။

ယနေ့နံနက်တွင် ငါးရာ့ငါးဆယ် နိပါတ်တော်မှ ကြုံရာစာမျက်နှာကို ဖွင့်ပြီး ဖတ်လိုက်ရာ တိုက်တိုက် ဆိုင်ဆိုင် “သိင်္ဂါလဇာတ်တော်” ကို လှန်မိပြီး ဖတ်လိုက်မိသည်။ ထိုဇာတ်တော်ကို အကြိမ်ကြိမ် ဖတ်ဖူး ပါသည်။ ယနေ့ နံနက် ဖတ်လိုက်မိတော့ အတွေးတစ်မျိုးဝင်မိသည်။

ဇာတ်တော်ကဤသို့ဖြစ်သည်

မြေခွေးသည် အစာရှာရင်း မြစ်ဆိပ်တွင် ဆင်သေတစ်ကောင်ကိုတွေ့သည်။ ဆင်သေကိုတွေ့သောကြောင့် ဝမ်းသာစွာဖြင့် တစ်ကိုယ်လုံးလှည့်ပတ်ကိုက်၏။ ဆင်သေကား သေပြီးမကြာသေးဟန်တူ၏။ မည်သည့်နေရာမျှ ကိုက်၍မရပေ။
နောက်ဆုံး မြေခွေးသည် ဆင်၏ စအိုနေရာကို သွားကိုက်မိသည်။ စအိုကား နေရာအားလုံးတွင် အပျော့ဆုံး နေရာဖြစ်နေသဖြင့် ကိုက်၍ ရသွားလေသည်။ စအိုကို ကိုက်ရင်း အတွင်းမှ အသည်း၊ အူ၊ အညှို့၊ နှလုံးတို့က စွဲဆောင်နေသောကြောင့် စအိုပေါက်ကတစ်ဆင့် ဝမ်းခေါင်းအတွင်းသို့ ရောက်မှန်းမသိ ရောက်သွားလေသည်။

ဝမ်းခေါင်းထဲတွင် နေထိုင်စားသောက်ရင်း ငါကား တစ်ဘဝစာ ခိုကိုးရန်နေရာရပြီ။ ဤနေရာတွင် ခိုကိုးကာနေတော့ မည်ဟုမှတ်ပြီး ဆင်၏ ဝမ်းတွင်းသားများကို စားသောက်၍ ပီတိဖြစ်နေရှာသည်။

အချိန်ကား နွေကာလဖြစ်သောကြောင့် သူတိုးဝင်ခဲ့သော စအိုပေါက်သည် ခြောက်သွေ့ကာ ရှုံ့တွပြီး ပိတ်သွားလေသည်။ စအိုပေါက် ပိတ်နေသည်ကို သတိမထားမိ။ အစားအသောက်ကို စားသောက်ကာ သာယာနေသော မြေခွေးသည် ပြန်ထွက်ရန် ကြိုးစားချိန်တွင် အခက်တွေ့လေတော့သည်။

နှစ်ရက် သုံးရက်လောက် အထဲတွင် ပိတ်မိနေပြီး သေမလောက်ဖြစ်နေရာမှ မိုးကြီး ရွာချသဖြင့် ဆင်သေကောင်သည် ဖောင်းပွလာသလို၊ စအိုကလည်း ပွင့်လုလုဖြစ်လာသည်။

မြေခွေးသည် ဝမ်းသာအားရ စအိုပေါက်ကျဉ်းကျဉ်းက တိုးထွက်လေသည်။ ခေါင်းလေးတစ်ခေါင်း ထွက်ရန်ပင် မနည်းကြိုးစားအားထုတ်လိုက်ရပြီး တစ်ကိုယ်လုံးကို ထွက်ရန် တွန်းကန်ရုန်းသည့်အခါ သူကိုက် ထားသည့် စအိုခြောက်က သူ့အမွေးတွေကို ဆွဲခွာလိုက်သလိုဖြစ်ကာ အမွေးကျွတ်ပြီး ခွေးရုပ်ပင် မပေါက် နိုင်လောက်အောင်ဖြစ်သွားရရှာသည်။

ဇာတ်တော်က လောဘတရားကို ထိန်းသိမ်းပြီး၊ မတရားလောဘနောက်ကို မလိုက်ရန် ဆုံးမထားခြင်း ဖြစ်သည်။

ဆင်သေကို တစ်ဘဝစာထင်နေသူတွေက ထင်နေသည်

ဆင်စအိုထဲဝင်ရသည်ကို ဂုဏ်ယူသူတွေက ယူနေကြသည်

ဆင်စအိုထဲ ပိတ်မိပြီး တိုးထွက်သော်လည်း အမွှေးကျွတ်ရမည့်ဘဝကို သိသိကြီးနှင့် တခဏတာ ကာလတိုလေးကို သာယာနေကြသည်။

ဘုရားရှင်ကိုယ်တောမြတ်ကြီး ဟောကြားတော်မူခဲ့သော ခွေးတိုးပေါက်ကလည်း လောကတွင် ဆင်ခြင်စရာ ဖြစ်သည်။

(ကိုးကား-ငါးရာ့ငါးဆယ် နိပါတ်တော်၊ သိင်္ဂါလဇာတ်)
သရုပ်ဖော်ပုံ – ကာတွန်း နာနတ်သီး