ကျော်လင်း/ဧရာဝတီတိုင်းမ်
ဖျာပုံ၊ ဇွန်လ ၄ ရက်

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဧရာဝတီတိုင်း၊ ဖျာပုံမြို့တရားရုံးက အမှုတွဲမိတ္ထူကူးကတွေကို ၅၀၀၀၀ အထိ တောင်းခံတာတွေရှိလာတယ်လို့ ဒေသခံတွေကထံက သိရပါတယ်။

ဖျာပုံမြို့နယ်တရားရုံးကနေ ရုံးအုပ်အဖြစ်ရာထူးတိုးလာတဲ့ ရုံးအုပ် သက်ထွန်းဦး ဇူလိုင်လဆန်းပိုင်းကစတင်ကာ ရုံးလုပ်ငန်း တွေအတွက် အမှု ၁ ခုကို ၃၀၀၀၀ ကနေ ၅၀၀၀၀ ထိတောင်းယူနေတာလို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ရဲကအမှုတွဲတင်ရင်တော့ ရဲကတဆင့်ပေးရတာရှိတယ် တရားမမှုဆိုရင်တော့ ကာယကံရှင်ကိုယ်တိုင် လက်နဲ့ ပေးရတာ ခုကနည်းရင်နည်းတယ်ပြောတော့ ဘီလစ်တောင်းသလောက်ပေးရတယ် မိတ္တူကူးကခတော့ မီးမလာလို့ ဈေးတက်တာလည်းပါတယ်လို့ တရားရုံးနဲ့နီးစပ်သူတဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

အမှုတွဲတင်ရင်ပေးရတဲ့ ငွေ၊ မိတ္တူကူးခငွေ၊ ငွေတွေကို တရားဝင်သတ်မှတ်ထား တဲ့ငွေအပြင် လုပ်ငန်းအဆင် ပြေအောင် စေတနာနဲ့ပေးတဲ့ငွေတွေအတွက် ရုံးအုပ် သက်ထွန်းဦးက စိတ်တိုင်းကျသတ်မှတ်ကာ တောင်းယူ တာတွေပြုလုပ်နေတာလို့ ဆိုပါတယ်။

ကျမ်းကျိန်လွှာအတွက် ငွေမသွင်းရလို့ လုပ်ငန်းအဆင်ပြေအောင် စေတနာနဲ့ပေးတဲ့ငွေတွေကိုလည်း ၅၀၀၀၀ အထိသတ်မှတ်ကာ တောင်းယူတာတွေရှိသလို တောင်းသလောက်မရရင် လိုအပ်ချက်တွေအကြောင်းအမျိုးမျိုး ပြကာ နောက်ကျအောင်လုပ်တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေက ပြောပါတယ်။

ဖျာပုံမြို့နယ်ရုံးအုပ် သက်ထွန်းဦးကို ဧရာဝတီတိုင်းမ်သတင်းဌာနအနေနဲ့ ဆက်သွယ်မေးမြန်းချိန်မှာတော့ ကျွန်တော်လူကြီးကပြောတာမဟုတ်လို့ ရှင်းပြစရာမလိုဘူး ဘာမှပြောစရာ အကြောင်းမရှိဘူးလို့ ပြန်လည် ဖြေကြားခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖျာပုံခရိုင်အတွင်းမှာရှိတဲ့ တရားရုံးတိုင်းလိုလို ငွေတောင်းယူတာတွေ ပိုများလာတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။