ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၇ ရက်

စစ်တပ်က အာဏာသိမ်းပြီးနောက် ၂ နှစ်နီးပါးအကြာ ကာလအတွင်းမှာ အွန်လိုင်းပေါ်မှတဆင့် ငွေကြေးလိမ်လည်မှုတွေ ပိုများလာတယ်လို့ အင်တာနက် အသုံးပြုသူတွေက ပြောပါတယ်။

“Facebook ပေါ်မှာ ပုံစံအမျိုးမျိုးနဲ့ ကြေငြာနေတာတွေ့ရတယ်။ အရင်းအနှီးမလိုဘူး။ ပညာအရည်အချင်းမလိုဘူး။ လိုင်းပေါ်ကနေ အော်ဒါကောက်ပေးရမယ်ဆိုတာမျိုးတွေပေါ့ဗျာ။ အမှန်ကတော့ အစပိုင်းနည်းနည်းပေးတယ်။ သူတို့ပေးတဲ့ ပမာဏနည်းနည်းထက်ပိုလိုချင်ရင် သူတို့တောင်းတဲ့ ပမာဏတစ်ခု ရင်းနှီးမြှုပ်နှံပေးရမယ်ဆိုတာမျိုးပေါ့။ သူတို့ တောင်းတဲ့ ပမာဏ ထည့်ပေးလိုက်တာနဲ့ဘာမှ ပြန်မရတော့ဘူး” လို့ အင်တာနက်အသုံးပြုသူ ပုသိမ်မြို့ခံတစ်ဦးက ပြောပါတယ်။

ငွေကြေးလိမ်လည်မှုတွေဟာ ယခင်အရပ်သားအစိုးရလက်ထက်မှာလည်း ဖြစ်ပွားလေ့ရှိပေမယ့်စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ Facebook လူမှုကွန်က်စာမျက်နှာတွေပေါ်မှတဆင့် ပေါ်ပေါ်ထင်ထင် ငွေကြေးလိမ်လည်မှုလုပ်ဆောင်လာဖြစ်ပါတယ်။

ခုနောက်ပိုင်းမှာ ငွေကြေးလိမ်လည်သူတွေဟာ Facebook ပေါ်မှာသာမက မိုဘိုင်းအက်ပ်ပလီကေးရှင်းများကို အမည်အမျိုးမျိုးနဲ့ ပြောင်းလဲ ဖန်တီးကာ ငွေကြေးလိမ်လည်မှုတွေကို ဆက်လက်လုပ်ဆောင်နေတယ်လို့ Facebook လူမှုကွန်ရက်အသုံးပြုသူတွေက ဆိုပါတယ်။

“အက်ပ်လီကေးရှင်း နာမည်အစုံပဲ။ သူတို့ဆီမှာ ရင်းနှီးမြှုပ်နှံပါပေါ့။ တစ်ပတ်အတွင်းအရင်းကြေမယ်။ ကျန်တာအမြတ်ပေါ့။ အဲ့လိုနဲ့ လိမ်နေကြတာ။ တစ်ခု​ပြီးတစ်ခုပဲ။ တရားဝင်မှတ်ပုံတင်လုပ်ဆောင်နေတာမျိုးလဲမဟုတ်ဘူး။ ဟိုတလောကဖြစ်သွားတဲ့ Joom မှာဆို တော်တော်များများ ပါသွားကြတယ်။ အဲ့ Joom ကို တည်ထောင်သူတွေကလည်း Joom ဆိုတဲ့ နာမည်တင်မကဘူး။ တခြားနာမည်တွေနဲ့ပဲ Joomလိုမျိုးပဲ ဆက်လုပ်နေတာ”လို့ ရန်ကုန်မြို့ခံတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ချေးငွေအမည်ခံ ငွေကြေးလိမ်လည်သူတွေဟာလည်း ချေးငွေတောင်းခံရမှာ ခြိမ်းခြောက်ငွေတောင်းမှုတွေရှိနေတဲ့အပြင် ကိုယ်ရေးကိုယ်တာအချက်အလက်​ပေါက်ကြားမှုတွေရှိနေတယ်လို့ ငွေကြေးလိမ်လည်ခံရသူတစ်ဦးက ဆိုပါတယ်။

“ကျွန်မ Online ချေးငွေလုပ်ငန်းဆိုပြီး သေချာမသိပဲ Application ကိုဒေါင်းမိပြီး Allow ကိုနှိပ်မိသည့်အတွက် ဖုန်းထဲ့မှာ Contact များ အဟက်ခံလိုက်ရသည်/ Auto ဓာတ်ပုံပါ ပါသွားပါတယ်။Sky Cash / Happy Cash/ Money Bag / Cash Now / MM Finance / ICIC ဆိုသောချေးငွေလုပ်ငန်းများမှာ ကျွန်မဟာ ငွေကြေးလိမ်လည်နေတယ်လို့ Message များ Vb တွင် မှတ်ပုံတင်နံပါတ်များနှင့် ပုံများနှင့် လာပေးပို့ကာ ကျွန်မ ချေးငွေပြန်ဆပ်ဖို့ စာပို့တောင်းတာ ဖုန်းဆက်တောင်းတာတွေလုပ်နေပါတယ်” လို့ ချေးငွေအမည်ခံ ငွေကြေးလိမ်လည်ခံရသူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

အွန်လိုင်းပေါ်မှတဆင့် ချေးငွေလုပ်ငန်းအမည်ခံကာ အက်ပ်ပလီကေးရှင်းများစွာနဲ့ ငွေကြေးလိမွည်သူတွေဟာ ငွေချေးသူတွေရဲ့ ကိုယ်ရေးအချက်အလက်နဲ့ ဖုန်းနံပါတ်တွေကို ခိုးယူပြီး ဂုဏ်သိက္ခာ ကျဆင်းအောင် လုပ်ဆောင်နေတဲ့အပြင် ချေးငွေရယူထားသူရဲ့ မိတ်ဆွေတွေကိုလည်း SMS များပို့ပြီး စိတ်အနှောက်အယှက်ဖြစ်အောင် လုပ်ဆောင်နေတယ်လို့ သူက ဆိုပါတယ်။

အဆိုပါ ငွေကြေးလိမ်လည်မှုသူတွေဟာ တရားဝင်မှတ်ပုံတင်ထားတာမရှိတာကြောင့် လိမ်လည်ခံရသူတွေအနေနဲ့လည်း ဥပဒေလမ်းကြောင်းအရ အရေးယူလို့မရဘူးလို့ ဥပဒေပညာရှင်တစ်ဦးက သုံးသပ်ပြောဆိုထားပါတယ်။

#အွန်လိုင်း #ငွေကြေးလိမ်လည် #ပိုများလာ
#Ayeyarwaddy_Times