ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၆ ရက်
မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်နှင့် သပိတ်ကျင်းမြို့နယ်အတွင်းက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများနှင့်ပျူစောထီးအဖွဲ့ဝင်များကိုယမန်နေ့ နိုဝင်ဘာလ ၂၅ ရက်နေ့က ဖမ်းဆီးရှင်းလင်းခဲ့ကြောင်း ဗိုလ်လင်းယုန်အဖွဲ့ကထုတ်ပြန်သည်။
စစ်အုပ်စုထောက်တိုင်အဖြစ်ရပ်တည်နေသည့် သပိတ်ကျင်းမြို့နယ် ၊ပုဏ္ဏားလေးကျေးရွာစစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးမင်းခေါင်နှင့် ၄င်း၏မိန်းမဖြစ်သူ၊ ပျူစောထီးသင်တန်းဆင်း ဇော်ခိုင်၊ စဥ့်ကူးမြို့နယ်၊ ညောင်ပင်သာကျေးရွာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးထွန်းမိတို့ ၄ ဦးကို ဖမ်းဆီးရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
” ကျနော်တို့ ဒီစစ်အုပ်စုထောက်တိုင် အုပ်ကြီးတွေ၊ ပျူစောထီးတွေကိုအရင်ထဲကလည်းသတိပေးတယ်။ ကိုယ့်ဘာသာအေးဆေးနေ စစ်တပ်နဲ့မပေါင်းဖို့။ နားမထောင်လို့ ရှင်းလိုက်တာပါ ။ နောက်ထပ်ကျန်နေတဲ့ ပျူတွေအုပ်ကြီးတွေကိုလည်းထပ်ပြီး သတိပေးတယ် ၅ ရက်အတွင်းထွက်ဖို့ ရွာတွေမှာကိုမနေနဲ့ထွက်သာပြေး။ ကျနော်တို့ဝင်ရှာလို့တွေ့တာနဲ့ရှင်းမှာ ” ဟု အဖွဲ့ခေါင်းဆောင် ဗိုလ်လင်း ယုန်ကဧရာဝတီတိုင်းမ်ကိုပြောသည်။
သပိတ်ကျင်းနှင့်စဥ့်ကူးမြို့နယ် ၂ ခုအတွင်းကစစ်ကောင် စီခန့် အုပ်ချုပ်ရေးမှူး၊ရာအိမ်မှူး၊ဆယ်အိမ်မှူး၊ ထွေအုပ်စာရေးနှင့်ပျူစောထီးသင်တန်းဆင်းများအနေဖြင့် ယနေ့ နိုဝင်ဘာလ ၂၆ ရက်မှစ၍ ၃၀ ရက်နေ့အထိ ၅ ရက်အတွင်းသက်ဆိုင်ရာမြို့နယ်များမှ ထွက်ခွာရန်သတိပေးထုတ်ပြန်ထားသည်။
နိုဝင်ဘာလ ၁၀ ရက်နေ့ကလည်း သပိတ်ကျင်းအခြေ စိုက်စစ်ကောင်စီတပ်၏ အမှတ် ၁၃ စစ်တပ်တန်းမြှင့်လေ့ကျင့်ရေးကျောင်း(တတက ၁၃) တပ်ရင်းမှ ဗိုလ် မှူး ဇော်ထက်အောင် ဦးဆောင်သည့် စစ်ကောင်စီတပ်၊ပျူစောထီးပူးပေါင်းစစ်ကြောင်းနှင့် ဗိုလ်လင်း ယုန်အဖွဲ့တို့ စဥ့်ကူးမြို့နယ်အတွင်းတိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ဗိုလ်မှူး ဇော်ထက်အောင်နှင့်ပျူစောထီး ၄ ဦးသေဆုံးကာ စစ်ကောင်စီတပ်သား ၁၅ ဦးခန့်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
#စဥ့်ကူး #သပိတ်ကျင်း #ပျူစောထီး #အုပ်ကြီး #ရှင်းလင်းခံရ #ထွက်ခွာဖို့ #သတိပေး #AyeyarwaddyTimes