ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၆ ရက်

ရုရှားကျူးကျော်စစ်ပွဲ ကိုးလတာရောက်ရှိလာချိန်မှာ အမေရိကန်က ယူကရိန်းသို့ ဒေါ်လာ သန်း ၄၀၀ တန်ကြေးရှိ စစ်ရေးအကူအညီ ပေးပို့မယ်လို့ ပင်တဂွန်က နိုဝင်ဘာလ ၂၃ ရက်မှာ ကြေညာခဲ့ပါတယ်။

အမေရိကန်က ထောက်ပံ့မယ့်စစ်ရေးအကူအညီထဲမှာ ရုရှားက အီရန်နိုင်ငံမှဝယ်ယူကာ မကြာသေးမီလ တွေအတွင်း အရပ်ဘက် အခြေခံအဆောက်အအုံတွေကိုတိုက်ခိုက်ဖို့ ဖြန့်ကြက်ခဲ့တဲ့ ဒရုန်းတွေကိုပစ်ချနိုင်တဲ့ စက် သေနတ်ကြီး ၁၅၀ လက် ပါဝင်ပါတယ်။

ဒါ့အပြင် အမေရိကန်နိုင်ငံရဲ့ ယူကရိန်းသို့ပေးအပ်မယ့် စစ်လက်နက်တွေထဲမှာ အဆင့်မြင့်ဒုံးကျည်တွေ၊ အပေါ့စားယာဉ်တွေ၊ ၁၀၅ မီလီမီတာ ဟောင်ဝှစ်ဇာအမြောက်တွေအတွက် အပိုပစ္စည်းတွေလည်း ပါဝင်ပါတယ်။

ယူကရိန်းနိုင်ငံမှာ ကြောက်မတ်ဖွယ်ရာ ဆောင်းရာသီ ဝင်ရောက်လာပြီဖြစ်ရာ ရုရှားတပ်ဖွဲ့တွေက ယူက ရိန်းနိုင်ငံရဲ့ စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတွေက ပြောပါတယ်။

ယူကရိန်းနိုင်ငံရဲ့ ဆောင်းတွင်း စွမ်းအင်ပြတ်လပ်မှုကို ကူညီဖြေရှင်းနိုင်ဖို့ အမေရိကန်နိုင်ငံက ပေးပို့မယ့် စစ်ရေးအကူအညီထဲမှာ မီးစက် ၂၀၀ ပါဝင်ပါတယ်။

ဒေါ်လာ သန်း ၄၀၀ တန်ကြေးရှိ ဒီစစ်ရေးအကူအညီက ၂၀၂၁ ခုနှစ် နွေရာသီနောက်ပိုင်း သမ္မတ ဂျိုး ဘိုင်ဒင် အတည်ပြုခဲ့တဲ့ အမေရိကန်က ယူကရိန်းသို့ပေးအပ်တဲ့ ၂၆ ကြိမ်မြောက် လုံခြုံရေးအကူအညီဖြစ်ပါတယ်။

ကိုးကား – New York Post
Ref; US to send Ukraine another $400 million in latest military aid package