ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၅ ရက်

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေးမြို့အခြေစိုက် အမှတ် ၅၃၀ ခြေမြန်တပ်ရင်း (ခမရ ၅၃၀) တပ်ရင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ဇနီး ၄ ဦးကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရဲဗလတံဆိပ်ပေး အပ် ခဲ့တယ်လို့ စစ်ကောင်စီဝါဒဖြန့်သတင်းစာတွေမှာဖော်ပြပါတယ်။

ခမရ ၅၃၀ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့မိန်းမဖြစ်သူ ၄ ဦးဟာ နိုဝင်ဘာလဒုတိယအပတ်အတွင်းက ခမရ ၅၃၀ တပ်ရင်းနဲ့ ကရင်နီကာကွယ်ရေးတပ်ဖွဲ့တွေကဝင်အကြားဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေမှာ ပစ်ခတ်ခံရပြီးသေဆုံးသွားသူတွေလို့ စစ်ကောင်စီတပ်အသိုင်းအဝိုင်းကအတည်ပြုပြောပါတယ်။

” ပြီးခဲ့ ၁၂ ရက်နေ့က လွိုင်လင်လေး ခမရ ၅၃၀ တပ်ရင်းနဲ့PDF တွေနဲ့ဖြစ်တဲ့တိုက်ပွဲမှာ သေကုန်တာ။ ၇ ယောက်ထိတာ ၄ ယောက်သေတယ်လို့သိရတယ်။ နောက်တန်းတပ်ရင်းမှာက ရုံးအဖွဲ့နဲ့ လူနည်းနည်းလောက်ဘဲရှိတာ၊ စစ်သားမိန်းမတွေက ပြန်တိုက်ရတာ။ အဲ့ဒီသေသွားတဲ့ စစ်သားမိန်းမတွေကို ရဲဗလ ဆုပေးတာ မသေတဲ့သူတော့မပေးဘူးထင်တယ်။ အဲ့ဒီမှာပါတဲ့ ဖယ်ခုံ ၃၃၆ က ရဲမေ ၂ ယောက်လည်း အဲ့ဒီလို သူတို့ဖယ်ခုံတပ်မှာ ဖြစ်ပြီးသေတာဘဲ” လို့ ဒကစ (လွိုင်ကော်) နဲ့ နီးစပ်သူ တစ်ဦးကဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

ကရင့်အမျိုးသားကာကွယ်ရေးတပ်-KNDF လက် အောက် လွိုင်ကော်တပ်ရင်းတွေနဲ့ လွိုင်လင်လေး ခမရ ၅၃၀ စစ်ကောင်စီတပ်တွေ အကြား ပြီးခဲ့တဲ့နိုဝင်ဘာလ ဒုတိယအပတ်အတွင်းက ၃ ရက်နီးပါးတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်ကထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ KNDF ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

” အဲ့ဒီရက်ပိုင်းက ၂ ရက်ကျော်၃ ရက်လောက်ရှိမယ်။ ကျနော့်တို့လွိုင်ကော်KNDF တပ်ရင်းတွေနဲ့ အဲ့ဒီလွိုင် လင်လေး ၅၃၀ တပ်နဲ့ တပ်ရင်းကိုဝင်တိုက်တာမျိုးတော့မဟုတ်ဘူး။ အဲ့ဒီတပ်အနီးက လွိုင်ကော်-မိုးဗြဲလမ်းမတဝိုက်မှာဖြစ်တာ။ ၅၃၀ တပ်ထဲကလက်နက်ကြီးတွေနဲ့ပစ်တယ်၊ ကျနော်တို့ဘက်ကလည်း ပစ်တယ်ပေါ့လေ၊ စနိုက်ဘာလည်းပါတာပေါ့ လက်နက်အမျိုးအစားတွေတော့အသေးစိတ်မပြောလိုဘူး။ သူတို့ဘက်ကထိခိုက်သေဆုံးမှုရှိတယ်ဆိုတာတော့သိရတယ်။ သူတို့လက်နက်ကြီးတွေနဲ့ပစ်တော့ ဘယ်နှစ်ယောက်သေတယ်၊ ဘယ်သူတွေသေတယ်ဆိုတာတော့အတည်မပြုနိုင်ဘူး” လို့ သူကပြောပါတယ်။

ရဲဗလတံဆိပ်ဆိုတာဟာ ရဲဘက်ဆိုင်ရာစွမ်းရည်တံဆိပ်ဖြစ်ပြီးတော့ ရဲတပ်ဖွဲ့တွေနဲ့ အာဏာသိမ်းစစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေ၊ရာအိမ်မှူး ၊ဆယ်အိမ်မှူးတွေကို ပေးအပ်တဲ့ဖြစ်ပါတယ်။

လွိုင်လင်လေးအခြေစိုက် ခမရ ၅၃၀ တပ်ရင်းဟာ စစ်ကောင်စီတပ် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်-လွိုင်ကော် (ဒကစ လွိုင်ကော်)လက်အောက်ခံတပ်ရင်းတစ်ခုဖြစ်ပြီး အဲ့ဒီတပ်ရင်းကစစ်ကောင်စီတပ်သားတွေဟာ ကရင်နီ ပြည်နယ်အတွင်းမှာဘဲ စစ်ကြောင်းထိုးဝင်ရောက်နေတာဖြစ်ပြီး နောက်တန်းတပ်ရင်းမှာတော့ တပ်အင်အားမရှိတော့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့မိန်းမဖြစ်သူတွေပါ ဝင်ရောက်တိုက်ခိုက်နေရတာလို့ဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့မိန်းမတွေ တိုက်ပွဲအတွင်းသေဆုံးခဲ့လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဘွဲ့တံဆိပ်ပေးအပ်တာနဲ့ပတ်သက်ပြီး CDM တပ်မတော်သားအရာရှိ ဗိုလ်ကြီး ဇင်ယောက်ကအခုလိုမှတ်ချက်ပေးပါတယ်။

” သူတို့ဆိုရင် မဆီမဆိုင် လင်ယောက်ျားကစစ်သားဖြစ်တာနဲ့ စစ်ဝတ်စုံတွေဝတ် စစ်သင်တန်းတွေတက်ပြီး နောက်တန်းတပ်ရင်းတွေမှာ ကင်းစောင့်ပြီးခံတိုက်ရတာ၊ တကယ်ဆို ရဲတပ်ဖွဲ့ ထက် တစ်ဆင့်မြင့်တဲ့ စစ်ဘက်ဆိုင်ရာတံဆိပ်တခုခုပေါ့ ။ ကာကွယ်ရေးဦးစီးချုပ်ရဲ့ဂုဏ်ထူးဆောင်လက်မှတ်တို့၊သူရဲကောင်းမှတ်တမ်းဝင်တို့လိုမျိုးပေါ့ ပေးရမှာ။ ဒါပေမယ့် ရဲတွေကလည်း ဓာတ်ပေါက်လာပြီလေ ဒါကြောင့် မြန်မာနိုင်ငံရဲ နဲ့ စစ်တပ် တစ်တန်းတည်း ထား​ကြောင်းဆိုတာမျိုး တကယ် တမ်းကတော့ အဲလိုလုပ်ပြီး ရဲတွေကို ​ရှေ့တန်းတင်ခိုင်းပီး သေကြဦးမှာပါ” လို့ သူကပြောပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ စစ်အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီနဲ့လာရောက်ပူးပေါင်းပြီး အဓိ ကထောက်တိုင်အဖြစ်လုပ်ဆောင်နေလို့ သတ်ဖြတ်ခံရတဲ့ စစ်ကောင်စီခန့် ရပ်/ကျေးအုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး ၊ ဆယ်အိမ်မှူးတွေကိုလည်း ရဲဗလတံဆိပ်ပေးအပ်ခဲ့ပါသေးတယ်။

ဓာတ်ပုံ – မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့မိန်းမတွေကို စစ်ခေါင်းဆောင်မင်းအောင်လှိုင်တွေ့ဆုံစဥ်။(ပုံဟောင်း)
#စစ်ခေါင်းဆောင် #မင်းအောင်လှိုင် #ခမရ ၅၃၀ #ရဲဗလတံဆိပ် #ပေးအပ် #AyeyarwaddyTimes