အောင်မြသန်း/ဧရာဝတီတိုင်းမ်
(မအူပင်)၊ နိုဝင်ဘာလ ၂၄ ရက်
ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်မှာ နိုဝင်ဘာလ ၂၁ ရက်နေ့က စစ်ကောင်စီလက်အောက်ခံစာသင်ကျောင်းမှာ ကျောင်းတက်နေတဲ့ ကျောင်းသားအချင်းချင်းဓါးထိုးမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
တလုပ်လပ်အနောက်ကျေးရွာအုပ်စု တာကောက်ကျေးရွာ မူလတန်းလွန်စာသင်ကျောင်းမှာ ကျောင်းတက် နေတဲ့ ၇ တန်းကျောင်းသားက ကျောင်းဆင်းတဲ့အချိန်မှာ ၈ တန်းကျောင်းသားကို အသင့်ယူဆောင်လာတဲ့ ဓါးနဲ့ထိုးမှုဖြစ်ပွားခဲ့တာလို့ ကျောင်းသားမိဘတွေဆီက သိရပါတယ်။
“ ၇ တန်းတက်နေတဲ့ ကလေးက ၈ တန်းကျောင်းသားကို ဓါးနဲ့ထိုးတာ မျက်လုံးအနားကိုထိသွားတာ မျက်လုံး အပေါ်ဘက်နားပေါ့ ထိုးတဲ့ ၇ တန်းကလေးက တံတားကြီးကျေးရွာက ဒီအရွယ်နဲ့ ဓါးဆောင်ထားတယ်ဆိုတော့ အတော်ဆိုးတယ်ပြောရမယ်”လို့ ကျောင်းသားမိဘတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ဓါးထိုးမှုဖြစ်တဲ့ စာသင်ကျောင်းက စစ်ကောင်စီလက်အောက်ခံ ဆရာ ဆရာမတွေက ကျောင်းသားအချင်းချင်း ဓါးနဲ့ထိုးတဲ့ဖြစ်စဉ်ကို ထိုင်ခုံနဲ့တိုက်မိတယ်ဆိုပြီး ကျေးရွာထဲသတင်းလွှင့်ထားတယ်လို့ ဆိုပါတယ်။
ဓါးနဲ့အထိုးခံရတဲ့ ၈ တန်းကျောင်းသားကို မအူပင်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ထားပြီး အဆိုပါ ကျောင်းသားရဲ့ မိခင်ဖြစ်သူမှာလည်း နိုဝင်ဘာလ တတိယပတ်လောက်မှာ ဆိုင်ကယ်အတိုက်ခံလို့ ဆေးရုံတင် ထားရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။