ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၁ ရက်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ရှိ ပုသိမ်အကျဥ်းထောင်တွင် ယနေ့ နိုဝင်ဘာလ ၂၁ ရက်နေ့ နေ့လည်ပိုင်းက ထောင်ဝင်စာပို့ချိန် အချုပ်သားတစ်ဦးအား ရဲမှ ထိုးကြိတ်ခဲ့၍ ရုန်းရင်းဆန်ခက်ဖြစ်ပွားခဲ့ကြောင်း အကျဥ်းဦးစီးဌာနနှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။

ထောင်ဝင်စာပို့ချိန်မှာ နိုင်ငံရေးအကျဥ်သားတစ်ဦးအား တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ထိုးကြိတ်ခဲ့သည့်အတွက် ထောင်ဝင်စာလာပို့သည့် မိသားစုများနှင့် အချုပ်သားများအကြားရုန်းရင်းဆန်ခက်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အကျဥ်းသားတစ်ယောက်ကို ရဲက အရင်ထိုးလို့ဖြစ်ကြတာ။ သူ့ဆီလာတွေ့တဲ့ မိသားစုကို ပြန်ခါနီး နှုတ်ဆက်တာ။ အသံကျယ်တယ်ဆိုပြီး ရဲတစ်ယောက်က သူ့ကိုထိုးတာ။ အကျဥ်းသားတွေနဲ့ မိသားစုဝင်တွေ ရုတ်ရုတ်သဲသဲဖြစ်သွားကြတယ်။ သိပ်မကြာဘူး စရဖက ရဲမှူးရောက်လာပြီး လူစုခွဲခိုင်းလိုက်တယ်” ဟု ပုသိမ်အကျဥ်းဦးစီးဌာနနှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ရုန်းရင်းဆန်ခက်ဖြစ်ပွားခဲ့ပြီးနောက် ထောင်ဝင်စာလာပို့သူများအား အကျဥ်းဦးစီးမှ တာဝန်ရှိသူများက ပြန်ခိုင်းပြီး အချုပ်သားများအား ထောင်တွင်းသို့ ပြန်လည်ခေါ်ဆောင်သွားကြောင်း ယနေ့ရုံးထုတ်စစ်ဆေးမှုးအား ရပ်နားလိုက်ကြောင်း သိရသည်။

ပုသိမ်အကျဥ်းထောင်တွင် ထောင်ဝင်ပို့ခွင့်ပြန်ရသည်မှာ ၁ လ ကျော်သာရှိသေးသဖြင့် အဆိုပါဖြစ်စဥ်ကြောင့် ထောင်ဝင်စာပို့ခွင့်ပိတ်ပင်မည်ကို အကျဥ်းသားများ၏ မိသားစုဝင်များက စိုးရိမ်နေကြသည်။

ပုသိမ်အကျဉ်းထောင်တွင် ပုသိမ်ခရိုင်အတွင်းက နိုင်ငံရေး အကျဉ်းသား ၃၀၀ ကျော်ရှိနေပြီးထောင်တွင်း တရားရုံးက ထောင်ဒဏ် ချမှတ်ခဲ့သူ ဦးရေ ၁၀၀ ဝန်းကျင်အထိရှိနေကြောင်း နိုင်ငံရေးအကျဥ်းသားအရေးကူညီပေးနေသူများထံက သိရသည်။

#ပုသိမ် #အကျဥ်းထောင် #နိုင်ငံရေးအကျဥ်းသား #ရဲ #ထိုးကြိတ် #ရုန်းရင်းဆန်ခက်
#Ayeyarwaddy_Times