
ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၄ ရက်
တိုင်းပြည်ကို ကစဉ့်ကလျားအခြေအနေ ဖြစ်သွားစေခဲ့တဲ့ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း မြန်မာ နိုင်ငံကို တရားဝင် ပထမဆုံးလာရောက်ခရီးစဉ်အတွင်း အတိုက်အခံတွေနဲ့ ဆွေးနွေးမှုတွေပြုလုပ်ဖို့ တရုတ် နိုင်ငံခြားရေးဝန် ကြီး ဝမ်ယိက စစ်ကောင်စီကို တိုက်တွန်းလိုက်ပါတယ်။
တရုတ်က မြန်မာစစ်ကောင်စီရဲ့ အနည်းငယ်သော မဟာမိတ်များထဲမှ တစ်နိုင်ငံဖြစ်ပြီး စစ်လက်နက်တွေ ထောက်ပံ့ပေးကာ အာဏာသိမ်းမှုအတွင်း ဒေါ်အောင်ဆန်းစုကြည်ကို ရာထူးကနေဖြုတ်ချတာကို အာဏာလုပွဲအဖြစ် ပြောဆိုဖို့ငြင်းဆန်ခဲ့ပါတယ်။
မြန်မာနိုင်ငံက အဖွဲ့အစည်းအားလုံးက ဆင်ခြင်တုံတရားရှိတဲ့ ဆွေးနွေးမှုကိုလိုက်နာကာ နိုင်ငံရေး ပြန်လည်ရင် ကြားစေ့မှု အောင်မြင်ဖို့ တရုတ်နိုင်ငံက မျှော်မှန်းတယ်လို့ ဝမ်ယိက ပြောပါတယ်။
မြန်မာနိုင်ငံက နိုင်ငံရေးနဲ့ လူမှုရေးအရ တည်ငြိမ်မှုရှိလိမ့်မယ်လို့ တရုတ်နိုင်ငံက မျှော်လင့်တယ်လို့ ဝမ်ယိ က ဝဏ္ဏမောင်လွင်ကို ပြောခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဝဘ်ဆိုဒ်ပေါ်က ထုတ်ပြန်ချက်အရ သိရပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံကိုလာရောက်တဲ့ တရုတ်နိုင်ငံရဲ့ အဆင့်မြင့်ဆုံးပုဂ္ဂိုလ်အနေနဲ့ ဝမ်ယိက ကမ္ဘောဒီးယား၊ ထိုင်း၊ လာအို၊ ဗီယက်နမ်နိုင်ငံက ကိုယ်စားလှယ်တွေနဲ့အတူ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးကို တက်ရောက်နေပါတယ်။
လက်ရှိအခြေအနေတွေကို ဖြေရှင်းဖို့ စစ်ကောင်စီနဲ့ ဒေါ်အောင်ဆန်းစုကြည်ကြား ဆွေးနွေးဖို့က မဖြစ်နိုင် ဘူးလို့ ပြောမရကြောင်း ပြီးခဲ့တဲ့သီတင်းပတ်အတွင်း စစ်ကောင်စီပြောခွင့်ရ ဇော်မင်းထွန်းက အရိပ်အမြွက်ပြော ကြားခဲ့ပြီးနောက် ဝမ်ယိက အခုလိုပြောကြားခဲ့တာပါ။
အာဏာသိမ်းပြီးတဲ့နောက် သဘောထားကွဲလွဲသူတွေအပေါ် အကြမ်းဖက်ဖြိုခွင်းမှုကြောင့် အနောက်နိုင်ငံ အစိုးရတွေက ဒဏ်ခတ်အရေးယူမှုတွေ ပြုလုပ်ခဲ့တာကြောင့် အထီးကျန်ဆန်လာတဲ့ စစ်ကောင်စီက တရုတ်နဲ့ ရုရှားအပါအဝင် မဟာမိတ်နိုင်ငံတွေအပေါ် ပိုပြီး အားထားလာရပါတယ်။
တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားတွေ တိုက်ခိုက်ခံရတယ်လို့ ရှုမြင်တာကြောင့် အကြမ်းဖက်မှုတွေ အဆုံးသတ်ရေး အတိုက်အခံတွေနဲ့ ဆွေးနွေးမှုပြုလုပ်ဖို့ တရုတ်နိုင်ငံနဲ့ နီးကပ်မှုရှိတဲ့ အင်အားကြီး တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့တစ်ခုက မေလအတွင်း စစ်ကောင်စီကို တောင်းဆိုခဲ့ပါတယ်။
အခြေအနေ မည်သို့ပင်ပြောင်းလဲပါစေ မြန်မာနိုင်ငံရဲ့ အချုပ်အချာ၊ လွတ်လပ်မှုနဲ့ ပိုင်နက်နယ်မြေ ကာကွယ်စောင့်ရှောက်ဖို့ ကူညီမယ်လို့ တရုတ်နိုင်ငံက ဧပြီလအတွင်း ပြောကြားခဲ့ပါတယ်။
ကိုးကား – AFP
Ref; China urges Myanmar junta to hold talks with opponents