ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၉ ရက်
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ် က KTV တစ်ခုမှာ သီချင်းဆိုနေတဲ့ တပ်မ ၃၃ လက်အောက်ခံ စစ်အုပ်စု နိုဝင်ဘာလ ၁၉ ရက်ဒီကနေ့ မနက် ၇ နာရီဝန်းကျင် လောက်မှာ ဗုံးပစ်တိုက်ခိုက်ခံခဲ့ရလို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။
လုံးခင်းရပ်ကွက်၊ SKY KTV မှာ သောက်စားသီချင်းဆိုနေတုန်း လက်ပစ်ဗုံးနဲ့ဝင်ရောက်တိုက်ခိုက်ခဲ့လို့ ဗိုလ်ကြီး ၂ ဦးအပါအဝင် ၅ ဦးသေဆုံးခဲ့ပြီး ၃ ဦးဒဏ်ရာပြင်းထန်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
”စစ်ခွေးတွေက မနက်လင်းတဲ့အထိမပြန်သေးဘဲသောင်း ကျန်းနေတာ။ သူတို့ KTV ခန်းထဲကို လက်ပစ်ဗုံး ပစ်ထည့်လိုက်တာ ဒီပွဲကတော့မြိန်တယ်၊ အကောင်ကြီးတွေပါသေလို့ ။ အခန်းထဲမှာရှစ်ယောက်ရှိတာ ဗိုလ်ကြီး ၂ ကောင်နဲ့ တပ်သား ၃ ကောင်သေတယ်။ ၃ ကောင်ကိုအရေးပေါ်ပို့လိုက်ရတယ်” လို့ ဖားကန့်ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
သေဆုံးသွားသူတွေဟာ ကချင်ပြည်နယ်အတွင်းကိုတိုက်ခိုက်ရေးဝင်ရောက်နေတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ကိုင်း အခြေစိုက် တပ်မ ၃၃၊ နည်းဗျူဟာ ၃၃၁ လက် အောက်တပ်ရင်းတွေက ဗိုလ်ကြီး ဝင်းလှိုင်မိုးနဲ့ ဗိုလ်ကြီး မြင့်အောင် အပါအဝင် ၅ ဦး အခင်းဖြစ်နေရာမှာသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူတွေထဲက ၂ ဦး ထပ်မံသေဆုံးခဲ့ လို့ သေဆုံးသူ ၇ ဦးအထိရှိတယ်လို့ ဖားကန့်စစ်ကောင်စီတပ်နဲ့နီးစပ်တဲ့သတင်းရင်းမြစ်တစ်ဦးက ဧရာဝတီတိုင်းမ် ကိုပြောပါတယ်။
”ဖားကန့်ဂွင်ထဲကိုဝင်နေတဲ့ တပ်မ ၃၃ နည်းဗျူဟာ ၃၃၁ နဲ့ ခလရ ၇၆ က အဖွဲ့ဝင်တွေလို့သိရတယ်။ မနက်က ဆိုနေတဲ့ KTV ခန်းထဲဗုံးပစ်ခံရတာ။ ဖြစ်ဖြစ်ချင်း ၅ ဦးသေတယ်၊ နေ့လည်ပိုင်းလောက်မှာ ၂ ဦးထပ်သေတယ် လို့သိရတယ်” လို့ဆိုပါတယ်။
ဖားကန့်နယ်မြေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ရဲတွေ မကြာခဏဆိုသလို ပစ်ခတ်တိုက်ခိုက်ခံနေရလို့ သေဆုံးတာတွေဖြစ်ပေါ်နေပြီး ပြီးခဲ့တဲ့ အောက်တိုဘာလထဲမှာလည်း ကျောက်စိမ်းတောင်တံတားအနီးမှာ စစ် အုပ်စုလက်အောက်ခံ ရဲ ၂ ဦး ဖမ်းဆီးခံခဲ့ရပါသေးတယ်။
ဓာတ်ပုံ – CJ
#ဖားကန့် #KTV #တပ်မ ၃၃ #စစ်အုပ်စု #ဗုံးပစ်ခံရ #Ayeyarwaddy_Times