ဧရာဝတီတိုင်းမ်
(ချင်းပြည်နယ်)၊ နိုဝင်ဘာ ၁၉ ရက်
ချင်းပြည်နယ်၊ စစ်ကောင်စီဝန်ကြီးချုပ် ဝုန်ဆွန်းထန်က ပြည်နယ်အတွင်း မြေပြင်ကွင်းဆင်းဆောင်ရွက်ရန်ဟုဆိုကာ စစ်ကောင်စီတပ်ထံ ရဟတ်ယာဉ်တောင်းခံခဲ့ကြောင်း သိရသည်။
စစ်ကောင်စီချင်းဝန်ကြီးချုပ်က နိုဝင်ဘာလ တတိယအပတ်အတွင်းမှ စတင်ကာ ကလေး၊ မုံရွာ၊ ပခုက္ကူမြို့များအပါအဝင် ချင်းပြည်နယ်အတွင်းရှိ မြို့နယ်အားလုံးကို သွားရောက်ရန်အတွက် စစ်ကောင်စီမှ ရဟတ်ယာဥ်စီစဥ်ပေးနိုင်ရေးတင်ပြတောင်းခံခဲ့ခြင်းဖြစ်ပြီး အဆိုပါလျှို့ဝှက် တောင်းခံစာသည် ပြင်ပသို့ပေါက်ကြားလာခဲ့ခြင်းဖြစ်သည်။
ယင်းကဲ့သို့ ရဟတ်ယာဥ်တောင်းခံမှုသည် စစ်ကောင်စီအနေဖြင့် ချင်းပြည်နယ်အတွင်းမြို့ပေါ်နေရာအချို့သာနယ်မြေစိုးမိုးနိုင်ပြီး ကားလမ်းကြောင်း မသွားလာရဲသဖြင့် ရဟတ်ယာဥ်ဖြင့်သွားလာရန် စီစဥ်ပေးရန်တောင်းခံခြင်းဖြစ်ကြောင်း ချင်းပြည်နယ်ပူးတွဲကာကွယ်ရေးကော်မတီ-CJDCအဖွဲ့ဝင်တစ်ဦးကပြောသည်။
“ချင်းပြည်နယ်မှာ စစ်ကောင်စီတပ်က ထိန်းချုပ်နိုင်တာဆိုလို့ မြို့တွေပဲရှိတယ်။ စစ်ကောင်စီတပ်တွေ မြို့အပြင်ဘက် ကျော်လာပြီဆိုရင် တိုက်ပွဲဖြစ်ပြီ။ သူရုံးစိုက်တဲ့ ဟားခါးကနေ ချင်းပြည်နယ်မြို့တွေကို ကုန်းကြောင်းဘယ်လမ်းကသွားသွား သူ့ယာဥ်တန်းမိုင်းဆွဲခံရမှာသူသိနေတယ်။ အရင်က အင်အားအလုံးအရင်းနဲ့ လာတဲ့ ထောက်ပို့ယာဉ်တွေကိုလည်း ကျွန်တော်ဘက်က အကြိမ် ကြိမ်တိုက်ခိုက်တဲ့အတွက် သူတို့ဘက်က အသေ အပျောက်များတယ်။ ချင်းပြည်နယ်ရဲ့ မြေပြင်အခြေအ နေကို စစ်ကောင်စီခန့်တဲ့ ချင်းပြည်နယ်ဝန်ကြီးအဖွဲ့က ကောင်းကောင်းနားလည် သဘောပေါက်တယ်။ ချင်း ပြည်နယ်ကို စစ်ကောင်စီက ထိန်းချုပ်လို့မရတော့ဘူးဆိုတော့ ကုန်းလမ်းနဲ့ လုံးဝ သွားလို့မရတော့မှန်း သူတို့ သိတယ်။ ဒါကြောင့် သူ့အဘထံ ရဟတ်ယာဉ် တောင်းခံတဲ့အထိ ပူဆာနေတာပေါ့လို့ပဲ ပြောချင်ပါတယ်”လို့ CJDC အဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ချင်းပြည်နယ်အတွင်းနယ်မြေအများအပြားကို ဒေသကာကွယ်ရေးတပ်ဖွဲ့များဘက်မှ ထိန်းချုပ်ထားနိုင်ပြီး ဒေသကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်များအကြား မကြာခဏထိတွေ့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
တိုက်ပွဲများအတွင်းစစ်ကောင်စီတပ်မှ လေကြောင်း တိုက်ခိုက်မှုများပြုလုပ်မှုကြောင့် အရပ်သားပြည်သူများသေဆုံးထိခိုက်မှုများရှိနေကြောင်းဒေသကာကွယ်ရေးတပ်များ၏ ထုတ်ပြန်ချက်အရသိရသည်။
#စစ်ကောင်စီ #ချင်းဝန်ကြီးချုပ် #စစ်ကောင်စီတပ် #ရဟတ်ယာဥ်တောင်းခံ #AyeyarwaddyTimes