ဧရာဝတီတိုင်းမ်
(ဧရာဝတီ)၊ နိုဝင်ဘာလ ၁၈ ရက်

ဧရာဝတီတိုင်းမှာ စပါးဈေးမြင့်တက်လာမှုကြောင့် အောက်ခြေမှာရှိတဲ့ စက်ပိုင်ရှင်တွေနဲ့ အခြေခံ လူတန်းစားတွေအခက်တွေ့နေတယ်လို့ သိရပါတယ်။

စပါးဈေးဟာ ရာသီပေါ်ကာစမှာ ၁၀ သိန်းကျော်ဝန်းကျင်သာရှိရာကနေ လက်ရှိအချိန်မှာ ငစိန်အကြမ်း စပါးတင်း ၁၀၀ ကို ပေါက်ဈေး ၁၃ သိန်းကျော်ထိရှိလာတယ်လို့ တောင်သူတွေကပြောပါတယ်။

“ အရင်ကဆို ဆန်တစ်အိတ်ကို ၃ သောင်းလောက်ပဲပေးရတာ ခုက ဆန်တစ်အိတ်ကို ငါးသောင်း ကျော်လောက်ဖြစ်နေပြီ အလုပ်ကိုင်ကရှား ကုန်ဈေးနှုန်းကတက်နဲ့ဆိုတော့ ဝယ်စားဖို့တောင်တော်တော် အဆင်မပြေတော့ဘူး”လို့ အခြေခံလူတန်းစားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

စပါးဈေးတက်မှုနဲ့အတူ နောက်ဆက်တွဲ ဆန်ဈေးပါလိုက်တက်လာတာကြောင့် ဝင်ငွေနဲ့ ထွက်ငွေ မမျှလို့ လာမယ့် မိုးရာသီမှာ စားဝတ်နေရေးပိုမိုခက်ခဲလာနိုင်တယ်လို့ဆိုပါတယ်။

စပါးစိုက်တောင်သူတွေအနေနဲ့လည်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း လယ်ယာသုံးကုန်တွေ ၃ ဆကျော် ဈေးမြင့်တက်ခဲ့တာကြောင့် ထွက်နှုန်းမကောင်းလို့ စပါးဈေးကောင်းရပေမယ့် အရှုံးတွေနဲ့ရင်ဆိုင်နေရ တယ်လို့ ဒေသခံတောင်သူတွေဆီက သိရပါတယ်။

#ဧရာဝတီ #စပါး #လယ် #စားသုံးသူ
#Ayeyarwaddy_Times