ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၃ ရက်

ဧရာဝတီတိုင်းရဲ့ မြို့တော်ဖြစ်တဲ့ ပုသိမ်မြို့မှာ အာဏာသိမ်းစစ်ကောင်စီတပ်သားတွေက စစ်ယူနီဖောင်း လက်နက်အပြည့်အစုံနဲ့ ရှောင်တခင်ဧည့်စာရင်းလိုက်စစ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပုသိမ်မြို့ပေါ်ရပ်ကွက်တွေနဲ့ ဟိုတယ်၊ တည်ခိုခန်းတွေကို စစ်ကောင်စီတပ်သားတွေက ညအချိန် ရှောင်တခင်ဧည့်စာရင်းလိုက်စစ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

“ညဘက်ဆို ရှောင်တခင်လိုက်စစ်နေတာ။ ယူနီဖောင်းအပြည့်အစုံနဲ့ စစ်ကားတွေနဲ့ လိုက်စစ်နေတာ။ ယူနီဖောင်းမြင်တာနဲ့ ကြောက်နေရတော့ သူတို့လာစစ်ရင် ခွင့်ပြုပေးလိုက်ရတယ်”လို့ ပုသိမ်မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ရှောင်တခင်ဧည့်စာရင်းစစ်ဆေးရမှာ စစ်ယူနီဖောင်းဝတ် စစ်ကောင်စီတပ်သားတွေအပြင် စစ်ကောင်စီလက်အောက်ခံ ထွေအုပ်ဝန်ထမ်းတွေ ရဲတပ်ဖွဲ့ဝင်တွေနဲ့ အရံမီးသတ်တွေလည်းပါဝင်တယ်လို့ မျက်မြင်တွေ့ရှိသူတွေက ဆိုပါတယ်။

“အာဏာသိမ်းပြီးကတည်းက အေးအေးချမ်းချမ်းကို အိပ်လို့မပျော်ခဲ့တာ။ ခုဆို ပိုဆိုးနေပြီ။ ဧည့်စာရင်းလိုက်စစ်တာ စစ်သားတွေက လက်နက်တွေ ယူနီဖောင်းတွေနဲ့ဆိုတော့ တော်ရုံလူဆို လန့်တာပေါ့။ ညအချိန်မတော်မှာ ဧည့်စာရင်းလိုက်စစ်တာဆိုတော့ အသက်ကြီးတဲ့ အဖိုး၊အဖွားတွေလည်း ညဘက်ဆို အိပ်ရေးပျက်ရတယ်”လို့ ပုသိမ်မြို့ခံ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာအရာရှိတွေကို မြို့ပြပြောက်ကျားအဖွဲ့ တိုက်ခိုက်လာပြီးနောက်ပိုင်း နေ့ရောညပါ ဒရုန်းဖြင့် ကင်းထောက်မှုများလုပ်ဆောင်နေတာကြောင့် စစ်ကောင်စီအနေနဲ့ တန်ဆောင်တိုင်ကာလ နီးကပ်လာချိန်မှာ ပုသိမ်မြို့ကို စစ်ရေးအရ အာရုံစိုက်လာတယ်လို့ ပုသိမ်မြို့ခံ စစ်မှုထမ်းဟောင်းတစ်ဦးက သုံးသပ်ပြောဆိုထားပါတယ်။

ဓာတ်ပုံ – စစ်ကောင်စီ
#ပုသိမ် #စစ်ကောင်စီ #စစ်ယူနီဖောင်း #ဧည့်စာရင်း
#Ayeyarwaddy_Times