
DMO Local PDF မှ ဒီးမော့ဆိုမြို့နယ်အတွင်း နယ်မြေရှင်းလင်းနေစဉ် စစ်ကောင်စီတပ်မှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် PDF တစ်ဦး ကျဆုံး
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၃၀ ရက်
ကယား(ကရင်နီ)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်း နယ်မြေရှင်းလင်းရေးပြုလုပ်နေစဉ် စစ်ကောင်စီတပ်မှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် DMO- Local PDFမှ ရဲဘော်တစ်ဦး ကျဆုံးသွားကြောင်း သတင်းထုတ်ပြန်ထားသည်။
ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-Local PDF) ဗျူဟာ ၃ နယ်မြေအတွင်း နယ်မြေရှင်းလင်းရေးပြုလုပ်နေစဉ် အကြမ်းဖက်စစ်ကောင်စီတပ်မှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် DMO- Local PDF တပ်ရင်း(D)ရဲဘော်တစ်ဦး လက်နက်ကြီးထိမှန် ကျဆုံးခဲ့ရပြီး ၎င်းနှင့်အတူ DMO-Local PDF တပ်ရင်း(C)ရဲဘော်(၁)ဦး (ပြင်းထန်ဒဏ်ရာ)နှင့် ရဲဘော်(၄)ဦး (အသေးစားဒဏ်ရာ) ရရှိခဲ့ကြောင်း သိရသည်။
အသက်(၄၄)နှစ်အရွယ် ကျဆုံးရဲဘော်ဦးသွယ်မိုး ကို ယမန်နေ့ အောက်တိုဘာလ (၂၉)ရက်နေ့၊ မနက် ၉ နာရီအချိန်တွင် DMO Local PDF နှင့်အတူ ပူးပေါင်းတပ်ဖွဲ့များဖြစ်သည့် KNDF၊ KRU တို့မှ ကက်သလစ်ထုံးတမ်းစဉ်လာနှင့်အညီ မြေမြုပ်သင်္ဂြိုလ်ပေးခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
PDF ပူးပေါင်းအဖွဲ့များနှင့် စစ်ကောင်စီတပ်တို့မှာ နေ့စဉ်မပြတ် အချိန်မရွေးနေရာမရွေးတိုက်ပွဲဖြစ်ပွားနိုင်သည့် အနေအထားရှိနေကြောင်း သိရသည်။
ထို့အပြင် စစ်ကောင်စီတပ်သည် စစ်မြေပြင်တွင်သာမက စစ်ဘေးရှောင်ပြည်သူလူထုများရှိရာအရပ်ဆီသို့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်လျက်ရှိကာ အပြစ်မဲ့အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိခြင်းသေဆုံးခြင်းများ ကြုံတွေ့ရလျှက်ရှိနေကြောင်း သတင်းထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။
ဓာတ်ပုံ – DMO Local PDF
#ဒီးမော့ဆို #PDF #လက်နက်ကြီး #ကျဆုံး
#Ayeyarwaddy_Times